သတင်း

ကရင်ပြည်နယ်တွင် မြို့တိုးချဲ့ရန် နယ်ခြားစောင့်တပ်က စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်သော နယ်ခြားစောင့်တပ်များသည် မြဝတီမြို့နယ် ကုက္ကိုမြိုင် ဒေသတွင် မြို့ကို အကြီးအကျယ် တိုးချဲ့ရန် အဆိုပြုထားသည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အတည်ပြုပြောကြားသည်။

ပြည်နယ် အစိုးရသည် စီမံကိန်းပထမအဆင့် မြေဧက ၆၀ ကို မကြာသေးမီကမှ အတည်ပြုပေးခဲ့သည် ဟုလည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်။ ထိုမြို့သစ် အတွက် ရင်းနှီးမြှုပ်နှံမှုကို တရုတ်အစိုးရပိုင် ဂျီလင်ယာတိုင် ကုမ္ပဏီက စိုက်ထုတ်မည် ဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သော ဂျီလင်ယာတိုင် အုပ်စုသည် ဆောက်လုပ်ရေး ပစ္စည်းများ ပေးသွင်းသော လုပ်ငန်း ဖြစ်ပြီး ကျောက်မီးသွေး တူးဖော်ခြင်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများတွင်သာမက ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှု များလည်း လုပ်ကိုင်သည်။ ထိုလုပ်ငန်းသည် ၂၀၁၆ ခုနှစ်က တရုတ် နိုင်ငံ၏ အကြီးမားဆုံး လုပ်ငန်း ၅၀၀ တွင် အဆင့် ၃၂၉ ရှိသည် ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်က ဆိုသည်။

ဧရာဝတီသတင်းဌာနက ကရင်ပြည်နယ် ဝန်ကြီးချုပ်အား သူမ၏ ရုံးခန်းတွင် တွေ့ဆုံမေးမြန်းချိန် အတွင်း နယ်ခြားစောင့် တပ်များထံမှ စီမံကိန်း သတင်းအချက်အလက် များကို အကန့်အသတ်နှင့်သာ ရသောကြောင့် စီမံကိန်း၏ အတိုင်းအတာကို ခန့်မှန်း ပြောကြားနိုင်ခြင်း မရှိခဲ့သလို သက်ဆိုင်သော ကုမ္ပဏီ၏ အမည်ကိုလည်း အတည်ပြု ပြောကြားနိုင်ခြင်း မရှိခဲ့ပေ။

“တကယ်တန်းပြောရရင် မြို့တိုးချဲ့တဲ့ စီမံကိန်းထူထောင်တာကို ပြည်နယ်အစိုးရကသာ ခွင့်ပြုနိုင်တယ်။ မြို့ကြီး တမြို့ ဖြစ်လာဖို့ဆိုတာ စနစ်တကျ တည်ဆောက်ဖို့ လိုပေမယ့် နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်ချစ်သူက အမြန်စဖို့ စိတ် ထက်သန်နေတာ။ ဒါကြောင့် မြေဧက ၆၀ ခွင့်ပြုလိုက်ရတာ” ဟုလည်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်က တရုတ်နိုင်ငံမှ လာသည့် သတင်းများကို အခြေခံပြီး အွန်လိုင်းသုံးသပ်သူများက ထိုစီမံကိန်းသည် မြေဧက ၁၃၀၀ ကျယ်မည် ဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရှိမည် ဟု ဆိုကြသည်။ ထို့အပြင် စီမံကိန်း၏ အဓိက ရည်မှန်းချက်မှာ ထိုဝေးကွာသော ဒေသတွင် ကာစီနို လောင်းကစားရုံ လုပ်ငန်း ဆောင်ရွက်ရန် ဖြစ်သည် ဟုလည်း ဆိုသည်။

ထိုသို့ သတင်းများကို မသိရသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။ “အမှန်အတိုင်း ပြောရရင် သူတို့တွေက တဖက်နိုင်ငံနဲ့ အရမ်း နီးနေပြီး အဲဒီလို လုပ်ငန်းတွေကို စိတ်ဝင်စားကြောင်း ပြောထားတယ်။ ဒီလို လုပ်ငန်းတွေဟာ အများပြည်သူ အပေါ် ကောင်းကျိုး သက်ရောက်မှာ မဟုတ်ဘူး ဆိုတာ နယ်ခြားစောင့်တပ်တွေ သိအောင်ပြောဖို့လည်း ကြိုးစား နေတယ်။ တရားမဝင် ကာစီနိုလုပ်ငန်း တည်ဆောက်တာကို ထိန်းချုပ်ဖို့ ကျမတို့အကောင်းဆုံး ကြိုးစားနေပါတယ်” ဟုလည်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများသည် အမေရိကန်ဒေါ်လာ ၅ သန်းအောက် ရင်းနှီးမြှုပ်နှံမှုများကိုသာ ခွင့်ပြုနိုင်ပြီး ထိုထက် ပိုမိုသော လုပ်ငန်းများကို ပြည်ထောင်စု အစိုးရကသာ ခွင့်ပြုနိုင်သောကြောင့် ယခု စီမံကိန်း အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံလျှင် ပြည်နယ်အစိုးရက ခွင့်ပြူချက်ပေးသော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥပဒေကို ချိုးဖောက်ရာ ရောက်မည် ဖြစ်သည်။

ဂျီလင်ယာတိုင် အုပ်စုသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရထံတွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် လျှောက်ထားခြင်း ရှိမရှိ မသိရပေ။

စီမံကိန်းသည် ပစ္စည်းသိုလှောင်ခြင်းနှင့် ဝန်ထမ်းများ အတွက် အဆောက်အအုံ တည်ဆောက်ခြင်း စသည့် ကနဦး အဆင့်တွင်သာ ရှိသေးကြောင်း နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိတဦး ဖြစ်သူ စောမင်းမင်းဦးက ပြောသည်။ သို့သော် နယ်ခြားစောင့်တပ်သည် စီမံကိန်း တခုလုံးကို အကောင်အထည် ဖော်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် လျှောက်ထားရန် ပြင်ဆင်နေဆဲ ဖြစ်သည်။

မြန်မာ ယာထိုင် ကုမ္ပဏီက ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး နယ်ခြားစောင့် တပ်ဖွဲ့က အဆင့်မြင့်အိမ်ရာများ၊ ကွန်ဒိုမီနီယံ တိုက်ခန်းများ၊ ဟိုတယ်တလုံးနှင့် ဂေါက်ကွင်း တကွင်းတို့ကို တည်ဆောက်ရန် မြေဧက ၁၀၀၀ မှ ၂၀၀၀ အထိပေးရမည် ဟု စောမင်းမင်းဦး ၏ အဆိုအရ သိရသည်။ သို့သော် စီမံကိန်း၏ အသေးစိတ်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ မြန်မာယာထိုင် သည် ဂျီလင်ယာတိုင် အုပ်စု၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲ ဟုတ်မဟုတ်ကို ဧရာဝတီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“အစည်းအဝေးတခုမှာ အဲဒီ ကုမ္ပဏီက စီမံကိန်းမှာ ကာစီနိုလုပ်ငန်းပါ ထည့်မယ် လို့ ပြောတယ်။ သဘောတူညီမှုတော့ မရသေး ပါဘူး။ ဒီလို လုပ်ငန်းဆိုတာ မြန်မာနိုင်ငံမှာ တရားမဝင်ဘူးလေ” ဟုလည်း စောမင်းမင်းဦးက ပြောသည်။

နယ်ခြားစောင့် တပ်ဖွဲ့၏ အကာအကွယ်ဖြင့် လုပ်ကိုင်နေသော ကာစီနိုလုပ်ငန်း ၄၊ ၅ ခုခန့် မြဝတီမြို့စွန်တွင် ရှိနေပြီး ဖြစ်ကြောင်းလည်း သူက ပြောသည်။

တရားဥပဒေ စိုးမိုးရေးအတွက် သူမ၏ ရုံးမှ အနည်းငယ်မျှသာ ဆောင်ရွက်နိုင်ကြောင်း ဒေါ်နန်ခင်ထွေးမြင့်က ပြောသည်။ “ကျမတို့မှာ ရဲတပ်ဖွဲ့ သေးသေးလေးတခုပဲ ရှိတယ်။ တပ်မတော်က မကူညီရင် ဒါကို လုံးဝထိန်းချုပ်လို့ မရတော့ဘူး” ဟုပြောပြီး အကူအညီ ရရှိရန် တပ်မတော်အရာရှိများနှင့် ဆွေးနွေးနေကြောင်း ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော မိုးမြင့်၏ BGF Plans Large City Expansion Project in Karen State  ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading