လာမည့် ဇန်နဝါရီလအတွင်း ကျင်းပမည့် တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားလာပါက နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန်(NSCN-K) အနေဖြင့် တက်ရောက်သွားရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်းက ကျင်းပခဲ့သော ၆ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) က တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပသွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
NSCN-K ဗဟိုကော်မတီဝင် ဦးကျော်ဝင်းဆွေက “ ကျနော်တို့ လာမည့် ညီလာခံကို တက်ရောက်ဖို့ အစိုးရဘက် က တရားဝင် ဖိတ်ကြားလာမယ်ဆိုရင် တက်ရောက်သွားဖို့ ပြင်ဆင်ထားပါပြီ။ တက်ရောက်သွားမှာပါ။ အခု တော့ ဖိတ်စာ မရသေးဘူး။ ဘယ်သူတွေ တက်မယ်ဆိုတာတော့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြမယ်။ ခေါင်း ဆောင် ၆ ယောက်လောက်တော့ တက်မယ်”ဟု ပြောသည်။
NSCN-K သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် အပစ်အခတ်ရပ် စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးထားသော နာဂ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ လက်ရှိ အစိုးရကလည်း NSCN-K နှင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန်နှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးနိုင်ရေး ကြိုးပမ်းနေသည်။
“ အခု လောလောဆယ်တော့ မြန်မာအစိုးရနဲ့ ကျနော်တို့ NCA လက်မှတ်ထိုးရေး မဆွေးနွေးရသေးဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေး ညီလာခံကိုတော့ ဖိတ်ကြားရင် တက်ရောက်သွားဖို့ အဆင်သင့်ပါပဲ”ဟု NSCN-K ဗဟိုကော်မတီဝင် ဦးကျော်ဝင်းဆွေက ပြောသည်။
ယခင်က NSCN-K ၏ ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က အိန္ဒိယနိုင်ငံရှိ နာဂလူမျိုးများနှင့် မြန်မာနိုင်ငံရှိ နာဂလူမျိုးများကို လွှမ်းခြုံနိုင်သော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်မှသာလျှင် NCA လက်မှတ်ထိုးရေးကို စဉ်းစားနိုင်မည်ဖြစ်ကြောင်း သို့မဟုတ်ပါက NCA ကို လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း ဧရာဝတီသို့ ပြောဖူးသည်။
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)ဥက္ကဌ ဦးအောင်ထွဋ်၏အဆို နာဂလူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေ ၃ သိန်းကျော် နေထိုင်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၌ လူဦးရေ သိန်း ၃၀ ဝန်းကျင် နေထိုင်လျက်ရှိသည်။
NSCN-K သည် မြန်မာနိုင်ငံပိုင်နက် အိန္ဒိယ-မြန်မာ နယ်စပ်အတွင်း အခြေစိုက်၍ အိန္ဒိယအစိုးရကို လက်နက် ကိုင် တိုက်ခိုက်နေသော နာဂလက်နက်ကိုင်အဖွဲ့ ဖြစ်သည့်အတွက် အိန္ဒိယတပ်မတော်နှင့် NSCN-K အကြား အိန္ဒိယ-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။
၂၀၁၇ ခုနှစ်၊စက်တင်ဘာ ၂၇ ရက်က အိန္ဒိယ-မြန်မာနယ်စပ်အနီး အိန္ဒိယတပ်မတော်ကို NSCN-K ခြုံခိုတိုက် ခိုက်သည်ဟုဆိုကာ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသလို ၂၀၁၅ ခုနှစ်အတွင်းကလည်း ဖြစ်ပွားခဲ့ကြသည်။
၂၀၁၅ ခုနှစ်က တိုက်ပွဲတွင် အိန္ဒိယတပ်မတော်သည် မြန်မာပိုင်နက်အတွင်း နယ်မြေကျူးကျော်၍ စစ်ဆင်ရေး များ လှုပ်ရှားက နာဂလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သမ္မတရုံး မှ မည်သည့် ပြည်ပတပ်ဖွဲ့ကိုမှ နယ်မြေကျူးကျော် စစ်ဆင်ရေး လုပ်ခွင့်မပေးခဲ့ကြောင်း ဆိုခဲ့သည်။
အိန္ဒိယကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်ကတော့ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က အိန္ဒိယ တပ်များ နယ်စပ်ဖြတ်ကျော်၍ နာဂသူပုန်များကို စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။