အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဝင်ဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မျိုးချစ်ညီညွှတ်ရေးပါတီ ကို တည်ထောင်ခွင့် မပြုသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)က ဒီဇင်ဘာ ၄ ရက်နေ့ ပေးပို့လာသည့် ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သွားမည် ဖြစ်ကြောင်း ယင်းပါတီကို ဦးဆောင်သူ တဦးဖြစ်သည့် စာရေးဆရာ မောင်သွေးချွန် (ခေါ်) ဦးမြင့်စိုးက ပြောသည်။
ဦးမြင့်စိုး(ခ)မောင်သွေးချွန်က “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ညီညွှတ်မှု မရှိဆိုတာ ဘာကို ပြောချင်တာလဲဆိုတာ ကျနော်တို့ ပြန်မေးရမယ်။ နောက်ပြီးတော့ ပုဂ္ဂိုလ်အချို့သည်လို့ ပါတယ်။ အချို့သည်ဆိုတာ ဘယ်သူတွေလဲ။ ဥပမာ ၃ ယောက် ငြိတယ် ဆိုရင် အဲဒီ ၃ ယောက်ကို အစား ထိုးပြီးတော့ ထပ်တင်ရင် ရမလားပေါ့။ အခုရက်ပိုင်းမှာ စာပြန်ပို့မယ်”ဟု ဧရာဝတီသို့ ပြောသည်။
UEC ၏ ပါတီ တည်ထောင်ခွင့် မပြုနိုင်ကြောင်း အကြောင်းကြားစာတွင် သက်ဆိုင်ရာဌာနများ၏ စိစစ်ချက်အရ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့တွင် ပါဝင်သူတချို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှု မရှိ၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သော ကော်မရှင် အစည်းအဝေးတွင် မျိုးချစ်ညီညွှတ်ရေးပါတီကို တည်ထောင်ခွင့် မပြုဟု ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။
အမျိုးသား ညီညွှတ်ရေးပါတီကို ပယ်ချလိုက်ခြင်းနှင့် ပတ်သက်၍ UEC ဥက္ကဋ္ဌ ဦးလှသိန်းကလည်း “စာထုတ်ထားတဲ့ အတိုင်းပဲ။ ဟု ဧရာဝတီသို့ ပြောသည်။
ယခုပါတီကို ဦးဆောင်သူများမှာ အမျိုးသားရေး လှုပ်ရှားသူများ၊ မဘသအဖွဲ့ဝင်များ ဖြစ်သော်လည်း မဘသပုံစံမျိုး နိုင်ငံရေး လှုပ်ရှားမည် မဟုတ်ဘဲ နိုင်ငံရေးပါတီပုံစံ သီးသန့်သွားမည် ဖြစ်ကြောင်း၊ ပါတီ မူဝါဒထဲတွင် ဘာသာရေး စကားလုံးများကို ရှောင်ထားပြီး မူဝါဒမှာလည်း ကော်မရှင်သို့ တင်ပြရခြင်း မရှိသေးကြောင်း သိရသည်။
မောင်သွေးချွန်က “ကျနော်တို့ဘာမှ မလုပ်ရသေးခင်မှာ ပါတီထူထောင်ခွင့်တောင် မပြုတာဟာ အမျိုးသားရေး ဖိနှိပ်မှုတရပ်ပဲ။ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ လည်း မညီဘူးလို့ ပြောချင်တယ်။ ဟိုဘက်က မဘသက မဘသပုံစံပဲ။ ဒီဘက်က နိုင်ငံရေးက နိုင်ငံရေးပုံစံ အတိအကျသွားမှာ။ တကယ်လို့ ပြန်ကြိုးစားလို့ မရရင်လည်း စာချွန်တော်ပို့မယ်”ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဘာသာရေးကို နိုင်ငံရေးတွင် အလွဲမသုံးရဟု ဖော်ပြထားသဖြင့် နောင်အချိန်တွင် နိုင်ငံရေးပါတီ များသည် ဘာသာရေးကို ခုတုံးလုပ်ပြီးနောက် နိုင်ငံရေးအရ စည်းရှုံးလှုံ့ဆော်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်သဖြင့် ဥပဒေအရ တားမြစ်ချက်ရှိသောကြောင့် ခွင့်မပြုခြင်း ဖြစ်နိုင်ကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
ဦးရဲထွန်းက “ဥပဒေနဲ့မညီဘူးဆိုပြီး အကြောင်းပြတဲ့အခါ ဘယ်အချက် ဘယ်ပုဒ်မနဲ့မညီဘူးလည်း ဆိုတာ ကျနော်မသိဘူး။ အဲဒါကိုတော့ သိဖို့ လိုတယ်။ တခုကတော့ နိုင်ငံရေးပါတီတွေကတော့ ဘာသာရေး ကင်းရှင်းသင့်တယ်။ ဥပမာ အစ္စလာမ်မစ် ဒီမိုကရက်တစ်ပါတီတို့ အစ္စလာမ် ဘာသာဝင်တွေချည်းပဲပါတဲ့ နိုင်ငံရေးပါတီမျိုးကိုလည်း ခွင့်မပြုသင့်ဘူး”ဟု ပြောသည်။
UEC မှ အရာရှိ အဆင့်ဆင့်ကလည်း ယခုကိစ္စသည် ကော်မရှင် ဥက္ကဌနှင့် အဖွဲ့ဝင်များ ကိုယ်တိုင် ဆုံးဖြတ်သည့် ကိစ္စဖြစ်၍ ၎င်းတို့ တွင် ပြောရေးဆိုခွင့် မရှိကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွှတ်မှု မရှိဆိုသည့် အကြောင်းပြချက်မှာ ကေ်ာမရှင် လူကြီးများသာ သိလိမ့်မည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာနိုင်ငံသည် နိုင်ငံတကာအပါအဝင် အင်အားကြီး နိုင်ငံများ၏ ဖိအားပေးမှုများ ခံနေရချိန်တွင် မဘသ အဖွဲ့များအနေဖြင့် တုန့်ပြန်ရာတွင် ထိရောက်မှုမရှိသဖြင့် စနစ်တကျ ထူထောင်ထားသည့် နိုင်ငံရေးပါတီတရပ်ပုံစံဖြင့် အမျိုးသားရေး အတွက် လှုပ်ရှားဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း မောင်သွေးချွန်က ဧရာဝတီသို့ ပြောဆိုခဲ့ဖူးသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) သည် တရားမဝင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း ဖြစ်၍ နိုင်ငံအဝှမ်းရှိ ဆိုင်းဘုတ်များ ဖျက်သိမ်းပြီး မဘသ ဟူသည့် အမည် အသုံးမပြုရန် နိုင်ငံတော သံဃမဟာနာယက(မဟန) အဖွဲ့မှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ပြုလုပ်သည့် တတိယအကြိမ် ၄၇ ပါးစုံညီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် မဘသ လက်အောက်ရှိ ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ်ပြောင်းလဲရန်၊ မဘသ မှ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲရန် ယင်းလှုပ်ရှားသူများက ဆုံးဖြတ်ခဲ့ကြသည်။
ဆက်စပ်ဖတ်ရှုရန်- မဘသအဖွဲ့ဝင်များက ၁၃၅ မျိုးချစ်ညီညွတ်ရေးပါတီ ထူထောင်မည်