သတင်း

မြန်မာအပေါ် ကုလ လူ့အခွင့်အရေးကောင်စီ၏ အသုံးအနှုန်း ပိုမိုပြင်းထန်လာ

လုံခြုံရေးတပ်ဖွဲ့များ၏ လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများ (Crime against humanity) နှင့် ရှိကောင်းရှိနေနိုင်သည့် လူမျိုးတုန်း သတ်ဖြတ်မှုများ (Genocide) အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်သင့်ကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတဦးက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဖိအား ပိုမိုတိုးလာပြန်သည်။

ဒီဇင်ဘာလ ၅ ရက်နေ့က ဂျီနီဗာ၌ ကျင်းပသော လူ့အခွင့်အရေးကောင်စီ (Human Rights Council) ၏ အထူးအစည်း အဝေးတခုတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad al-Hussein က ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ဦးရေ၏ တဝက်ဖြစ်သော ၆၂၆၀၀၀ ကျော်ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းသို့ ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး များအတွင်းတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ထားခဲ့ကြောင်း ပြောကြားခဲ့ သည်။

ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ ခွဲခြားမှုနှင့် နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး သြဂုတ်လ နောက်ပိုင်းမှ စ၍ လုံခြုံရေးတပ် ဖွဲ့များ၏ ရက်စက်မှုများကို ရည်ညွှန်းပြီး “လူမျိုးတုန်း သတ်ဖြတ်မှု အခြေခံအချက်တွေ ရှိနေနိုင်တယ် ဆိုတာ ဘယ်သူ ငြင်းနိုင်မလဲ” ဟု Zeid Ra’ad al-Hussein က ပြောသည်။

Zeid Ra’ad al-Hussein က ရခိုင်ပြည်နယ်မှ တပ်မတော်၏ စစ်ဆင်ရေးများသည် လူမျိုးဖြုတ် ရှင်းလင်းရေး (Ethnic cleansing) ၏ နမူနာပြဌာန်းစာအုပ်တခု ဖြစ်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။ ယခု သူ၏ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဟု ရည်ညွှန်းခြင်းက လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ (နိုင်ငံ၊ လူမျိုးသို့ မဟုတ် ဘာသာရေး တခုလုံးကို သို့မဟုတ် တစိတ်တပိုင်းကို ဖျက်ဆီးရန် ရည်ရွယ်သည့် လုပ်ရပ်များ) အဖြစ် စွပ်စွဲမှုကို မြင့်တက်စေသည်။

ရိုဟင်ဂျာများသည် နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးနေဆဲ ဖြစ်ပြီး ဒေသအတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ် ပေါ်နေဆဲ ဖြစ်သည်ဟု Zeid Ra’ad al-Hussein က ပြောသည်။ Hague ရှိ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ၏ စုံစမ်းစစ်ဆေးမှု အတွက် ခိုင်လုံသော ရက်စက်ကြမ်းကြုတ်မှု သတင်းများ ရရှိနေခဲ့သည်ဟု သူက ဆိုသေးသည်။

မြန်မာနိုင်ငံမှ စစ်ဆင်ရေးများတွင် ပါဝင်သည့် အာဏာပိုင်များ၏ ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိခြင်းများကို စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ အထွေထွေညီလာခံက သီးခြား အဖွဲ့အစည်းတခု ဖွဲ့စည်းပေးရန် တောင်းဆိုခြင်းအားဖြင့် ဖိအားများကို အရှိန် မြှင့်နိုင်ရန် Zeid Ra’ad al-Hussein က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကြိုးစားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၏ အချက်အလက် ရှာဖွေရေး ကိုယ်စားလှယ် အဖွဲ့က မတ်လတွင် အစီရင်ခံစာ ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

အချက်အလက်ရှာဖွေရေး အဖွဲ့ကို မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် ငြင်းပယ်ခြင်း ခံခဲ့ရသော်လည်း အဖွဲ့၏ ဥက္ကဌ ဖြစ်သူ Marzuki Darusman က ၎င်းတို့ အနေဖြင့် ဒုက္ခသည်များထံမှ အရေးပါသော သတင်းအချက်အလက်များ ကောက်ယူနိုင်ခဲ့ပြီး လူမျိုးတုန်း သတ်ဖြတ်ခြင်း အပါအဝင် အလွန်ပြင်းထန်သော စွပ်စွဲမှု အများအပြား ရရှိထားပြီး ဖြစ်သည် ဟု ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ဘယ်လို ကောက်ချက်ချမှုမှ မလုပ်သေးပါဘူး။ ကျနော်တို့က ဒီလိုစွပ်စွဲမှုတွေကို အလွန် သတိထားပြီး ကိုင်တွယ်ပါတယ်။ အဲဒါတွေကို နက်နက်နဲနဲ စစ်ဆေးပါတယ်” ဟု Marzuki Darusman က လူ့အခွင့်အရေး ကောင်စီသို့ ဗီဒီယိုဖြင့် သတင်းစကား ပေးပို့ခဲ့သည်။

ပဋိပက္ခအတွင်းမှ လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် Pramila Patten ၏ ထပ်မံ စုံစမ်းစစ်ဆေးမှုများက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည့် မြန်မာ့တပ်မတော်၏ လိင်အကြမ်းဖက်မှုဆိုင်ရာ သတင်းများ အပေါ် ဦးတည်ထားသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် Pramila Patten က လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ “လူမျိုးရေးနှင့် ဘာသာရေးကို အခြေခံသည့် မုန်းတီးမှုဖြင့် သွေးအေးစွာ ကျူးလွန်ခဲ့သည်ဟု သိရသော လိင်ပိုင်းဆိုင်ရာ စော်ကား အကြမ်းဖက်မှု သတင်းများ ထိတ်လန့်ဖွယ်ရာ ကြားသိရကြောင်း” ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးလွတ် မြောက်လာသော ရိုဟင်ဂျာ အမျိုးသမီးများထံမှ ထွက်ဆိုချက်များ စုဆောင်းခဲ့ခြင်း ဖြစ်သည်။

အုပ်စုဖွဲ့ ၍ မတရားပြုကျင့်ခြင်း ခံနေရစဉ် အတွင်း အမျိုးသမီးများ နှင့် မိန်းကလေးများ မည်ကဲ့သို့ သေဆုံးခဲ့ ကြောင်း သို့ မဟုတ် မတရားပြုကျင့်ပြီးနောက် မီးရှို့ထားသည့် သူတို့အိမ်ထဲတွင် အသက် သေဆုံးရန် ထားပစ်ခဲ့ကြောင်းများကို ဒုက္ခသည်များက သူ့ကို ပြောပြခဲ့သည်ဟု Pramila Patten က ဆိုသည်။ ရိုဟင်ဂျာတို့၏ နောက်မျိုးဆက်ဖြစ်သည့် ကလေး ငယ်များကို သတ်ဖြတ်ခြင်းမှာ အမျိုးသမီးများ၏ ထွက်ဆိုချက်တွင် မကြာခဏ ပါဝင်နေတတ်သည်ဟုလည်း သူက ဆိုသည်။

ကောင်စီ၏ အထူး အစည်းအဝေးတွင် သံတမန်များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက မြန်မာနိုင်ငံက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတကာသို့ တံခါးပိတ်ထားခြင်းနှင့် ပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် အုပ်ချုပ်သူများအပေါ် ဖိအား ပေးရန် တို့ကို အလေးပေး ပြောကြားခဲ့ကြသည်။

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် အပတ်အတွင်းက ပြုလုပ်ခဲ့သော စစ်တက္ကသိုလ် သင်တန်းဆင်းပွဲတွင် တပ်မတော်သားများသည် အမိန့်၊ ညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပြီး ရခိုင်ပြည် နယ်အတွင်း ဖြစ်စဉ်များတွင် တပ်မတော်အနေဖြင့် Rules of Engagement (ROE) နှင့်ပတ်သက်ပြီး စနစ်တကျ ဥပဒေနှင့် အညီ လုပ်ကိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဂျီနီဗာမှ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းက ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်သည့် ဖိုရမ်တွင် ရက်စက်ကြမ်းကြုတ်မှု ဇာတ်ကြောင်းများနှင့် ပတ်သက်၍ တုန့်ပြန်ရာ၌ “လူတွေက သူတို့ ပြောချင်တာကိုပဲ ပြောကြပါ လိမ့်မယ်။ တခါတလေကျရင် သူတို့ကို ပြောခိုင်းထားတာကို ပြောပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်မှ အခြေအနေများ တိုးတက် ကောင်းမွန်လာရေးအတွက် မြန်မာနိုင်ငံက ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက် ရန် အသင့်ရှိကြောင်း ဦးထင်လင်းက ပြောသည်။ ဒုက္ခသည်များကို ၂ လအတွင်းတွင် စတင် ပြန်လည် လက်ခံနိုင်ရေး အတွက် မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟုလည်း သူက ဆိုသည်။

သို့သော်လည်း ကုလသမဂ္ဂ အေဂျင်စီများက ဒုက္ခသည်များ မိမိဆန္ဒအလျောက် လုံခြုံစိတ်ချစွာ ပြန်သွားနိုင်ရေး အခြေအနေများက ယခုအချိန်အထိ မရှိသေးကြောင်း ပြောကြသည်။ နိုင်ငံတကာ ကြက်ခြေနီအသင်း နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှအပ အကူအညီပေးရေး အေဂျင်စီများကို ရခိုင်ပြည်နယ်တွင် အလုပ်လုပ်ခွင့် တားမြစ်ထားသည်။ ထို့ကြောင့် အကယ်၍ ဒုက္ခသည်များ ပြန်လာခဲ့လျှင် အကူအညီပေးနိုင်ရန် သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာအကဲဖြတ်မှု ပြုလုပ်နိုင်ရန် အတားအဆီး ဖြစ်နေသည်ဟု ထောက်ပြကြသည်။

အခြေအနေများ အပေါ် နိုင်ငံတကာ၏ ရေရှည် စောင့်ကြည့်မှု မပါဝင်ဘဲ မည်သည့် ပြန်လည်လက်ခံမှုမှ မရှိသင့်ကြောင်း Zeid Ra’ad al-Hussein က ကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုးကား ။ ။ The New York Times နှင့် အေဂျင်စီ သတင်းများ

Loading