သတင်း

နမ္မတူတွင် SSPP နှင့် TNLA တိုက်ပွဲ ဖြစ်ပွား

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းရင် ကျေးရွာအုပ်စု အတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဒီဇင်ဘာ လ ၅ ရက် ညပိုင်းက တိုက်ပွဲ ဖြစ်ပွားသည်ဟု သတင်း ရရှိသည်။

SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက မိုင်းရင်ကျေးရွာအုပ်စု အတွင်း တိုက်ပွဲဖြစ်သည်ကို သိရှိသော်လည်း အသေးစိတ် သတင်း အချက်အလက်ကို မသိရှိဟု ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးစိုင်းဆုက “TNLA ကလည်း ကျနော်တို့ဆီ အကြောင်းကြားချက်တွေ မတက်သေးပါဘူး။ ဖြစ်တယ်လို့ ကြားထားပါ တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်တယ် ဆိုတာတော့ ကျနော် အသေးစိတ် မသိရသေးပါဘူး။ ကျနော် အသေးစိတ် သိရရင် ပြန် ပြောပြပါမယ်”ဟု ပြောဆိုသည်။

နမ္မတူမြို့နယ်မှ ဒေသခံတချို့ကို ဧရာဝတီက မေးမြန်းရာ SSPP နှင့် TNLA တု့ိကြား စစ်ရေး တင်းမာမှု ရှိနေသည် ဟူ သည့် သတင်းများ ကြားနေရကြောင်း၊ ထို့အပြင် TNLA က မိုင်းရင်ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံများကို ဒီဇင်ဘာလ ၃ ရက် က ဘုန်းကြီးကျောင်းသို့ လူစုကာ လူဦးရေ စာရင်းဇယားများ တောင်းခံကြောင်း၊ မိုင်းရင် ကျေးရွာအုပ်စုသည် ယခင် က SSPP ထိန်းချုပ်နယ်မြေ ဖြစ်ပြီး ယခုအခါ TNLA မှ သိမ်းယူထားသည်ဟူသည့် သတင်းစကားများ ကြားနေရကြောင်း ပြောဆိုကြသည်။

ဒေသခံတဦးက “အစည်းအဝေး ပုံစံမျိုး ခေါ်တာပေါ့။ ဒီဒေသက အရင် ၁၉၈၉ ဝန်းကျင် လောက်ကတည်းက SSPP ထိန်းချုပ် နယ်မြေပါ။ အခုလို ပလောင်ရဲဘော်တွေ ဝင်လာပြီး အချက်အလက် တောင်းတာ၊ လူထုကို ဒီလို စုခေါ်တာ မကြုံ ဖူးဘူး။ အများကြီးတော့ မပြောရဲဘူးနော်။ ဒီလောက်ပဲ ကျနော် ပြောနိုင်ပါတယ်”ဟု ပြောသည်။

TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က နမ္မတူမြို့နယ်အတွင်း SSPP နှင့် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါဟု ငြင်းဆိုပြီး မိုင်းရင် ကျေးရွာ အုပ်စုကိုလည်း ဝင်ရောက် နေရာယူသည့် အခြေအနေမျိုး မရှိကြောင်း၊ နမ္မတူမြို့နယ်ထဲတွင် SSPP နှင့် TNLA တပ်ဖွဲ့ဝင်များသည် အတူတကွလှုပ်ရှားပြီး အဆင်ပြေနေကြောင်း ပြောဆိုသည်။

“သတင်းတွေ လျှောက်ရေးကြတာပါ။ နားမလည်တဲ့သူတွေ လျှောက်ဖွကြတာ။ ကျနော်တို့နဲ့ SSPPနဲ့က အဲ့ဒီမှာ အတူတူ ပူး တွဲ လှုပ်ရှားနေကြတာပါ။ အခုလည်း တူတူနေနေကြတယ်။ သူတို့ဘက်ကလည်း အဲ့ဒီမှာ တပ်မဌာနချုပ် ရှိတယ်။ ကျနော် တို့ လည်း နောက် တပ်မဟာ (၄)ရော ရှိတယ်။ အတူတူပဲ ပူးတွဲ လှုပ်ရှားကြ တယ်”ဟုလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဆိုသည်။

TNLA ၏ ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ တပ်မဟာ (၁) နယ်မြေ ဖြစ်သည့် နမ္မတူ မြို့နယ် ဟိုနားကျေးရွာအနီး တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်း ထုတ်ပြန်ထားပြီး SSPP နှင့် ပတ်သက် ၍ သတင်း ထုတ်ပြန်ခြင်း မရှိပါ။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် SSPP တို့ တိုက်ပွဲ ဖြစ်ပွားဖူးသည်။

ထိုတိုက်ပွဲ ဖြစ်ပွားစဉ်ကလည်း TNLA ကမူ ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်း ခွင့်မပြုဘဲ SSPP စစ်ကြောင်း က ဖြတ်သန်း လာသဖြင့် တိုက်ပွဲဖြစ်ပွားရသည်ဟု ပြောဆိုပြီး SSPP ကမူ TNLA က ၎င်းတို့ စစ်ကြောင်းကို လမ်းတွင် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု အပြန်အလှန် ပြောဆိုထားသည်။

SSPP နှင့် TNLA တို့သည် “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် ဦးဆောင်ကာ ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ပြီး မဟာမိတ် ဖွဲ့ထားသည့် အဖွဲ့အစည်းများလည်း ဖြစ် သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်အား စစ်ဆင်ရေး ပြုလုပ်ရာတွင်လည်း SSPP နှင့် TNLA တို့သည် မဟာမိတ် များ အဖြစ် ပူးတွဲ တိုက်ခိုက်ကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading