မြန်မာနိုင်ငံမှ ထွက်ပြေး၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဒုက္ခသည် စခန်းများတွင် ခိုလံှုနေသော ရိုဟင်ဂျာ မွတ်ဆလင် စစ်သွေးကြွ များက နယ်စပ်ကို ဖြတ်ကျော်၍ လုံခြုံရေးတပ်ဖွဲ့များနှင့် မွတ်ဆလင် မဟုတ်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ် လာနိုင်သည်ဟု ဘယ်လ်ဂျီယံ အခြေစိုက် ပဋိပက္ခကာကွယ်တားဆီးရေး နှင့် ဖြေရှင်းရေးဆိုင်ရာ အစိုးရမဟုတ်သည့် နိုင်ငံ တကာအဖွဲ့အစည်း တခုဖြစ်သော နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ International Crisis Group (ICG) က ၎င်းတို့၏ အစီရင်ခံစာ အသစ်တခုတွင် သတိ ပေးလိုက်သည်။
ICG က မြန်မာနိုင်ငံအပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည့် နိုင်ငံများကိုလည်း သတိပေးလိုက်ပြီး ထိုသို့ပြုလုပ်ခြင်းက အပြုသဘောဆောင်သော အပြောင်းအလဲများ ရရှိဖွယ် မရှိကြောင်း ပြောသည်။
ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ICG ၏ “မြန်မာနိုင်ငံ၏ ရိုဟင်ဂျာ ပြဿနာက အန္တရာယ်ရှိသော အဆင့်သစ် တခုသို့ ဝင်လာသည်(Myanmar’s Rohingya crisis enters a dangerous new phase)” အမည်ရှိ အစီရင်ခံစာတွင် ရခိုင်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) စစ်သွေးကြွ အဖွဲ့က လုံခြုံရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ချေမှုန်းမှုများ ပေါ်ပေါက်စေခဲ့သည့် သြဂုတ်လအတွင်းက ရဲတပ်ဖွဲ့ စခန်းများနှင့် စစ်စခန်းတခုကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရန် ဆုံးဖြတ်ထားသည့် အသွင်ရှိပြီး အနီးကပ် ဆက်သွယ်မှုများလည်း ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
နောက်ပိုင်းတွင် ARSA ၏ တိုက်ခိုက်မှု အသစ်များ မရှိခဲ့သော်လည်း ၎င်းတို့က တိုက်ခိုက်ရန် ပြန်လည်အားထုတ်လိမ့်မည် ဆိုသည်ကို သံသယ မရှိကြောင်း အစီရင်ခံစာက ဆိုသည်။
ARSA အနေဖြင့် ၎င်းတို့ ယခင်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး ပုံစံမျိုးမှ သိသိသာသာ ခွဲထွက်ရန် လိုအပ်လာမည် ဖြစ်သည်။
ယခင် တိုက်ခိုက်မှုကို ပြန်ကြည့်လျှင် တူညီဝတ်စံုံဝတ် လက်နက်ကိုင် စစ်သွေးကြွများနှင့် စခန်းချခြင်းမျိုး မဟုတ်ဘဲ လူငယ် ဘာသာရေးဆရာ (mullah) များ သို့မဟုတ် ဘာသာရေး ခေါင်းဆောင်များ အပါဝင် လူလေးစားခံရသည့် ဒေသခံ ခေါင်းဆောင်များ၏ ကွန်ရက်တခုက ဦးဆောင်သော ARSA က ယခုအချိန်အထိ ရာနှင့်ချီသော ကျေးရွာများအတွင်းတွင် စုစည်းထားသော ကလပ်စည်း(cell) များ ရှိနေသည်ဟု ICG က ပြောသည်။ စစ်ရေး ပုံစံဖြင့် မဟုတ်ဘဲ လယ်ယာသုံး ကိရိယာများ ကိုင်ဆောင်ထားသော သာမန်ကျေးရွာသား အများအပြားကို ရဲတပ်ဖွဲ့ စခန်းများသို့ စေလွှတ်ခြင်းအားဖြင့် အုံကြွမှုတခုကို စတင်ရန် အားထုတ်ခဲ့ကြောင်း ထောက်ပြသည်။
“ဒါပေမယ့် ရိုဟင်ဂျာ ကျေးရွာ အနည်းငယ်ပဲ ကျန်တော့တဲ့အတွက် အရပ်သားတွေ အယောင်ဆောင်ပြီး လှုပ်ရှားဖို့တော့ မဖြစ်နိုင်တော့ပါဘူး။ အဖွဲ့ ဦးဆောင်သူတွေနဲ့ တိုက်ခိုက်ရေးသမား အများစုက အခုဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက စခန်းတွေကို ရောက်ရှိနေပါပြီ” ဟု ICG ၏ အစီရင်ခံစာက ဆိုသည်။
“ဒါကြောင့် ARSA က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ လုပ်တဲ့ပုံစံကို ပြောင်းလဲနိုင်ပါတယ်။ ဒီလိုတိုက်ခိုက်ဖို့က ကွဲပြား ခြားနားတဲ့ လေ့ကျင့်ရေးတွေ၊ လက်နက်တွေ ရရှိဖို့ လိုသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းမှာ လှုပ်ရှားဖို့ နေရာလိုပါတယ်။ သူတို့ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေး ပစ်မှတ်တွေ သို့မဟုတ် လွယ်ကူတဲ့ ပစ်မှတ်တခု ဖြစ်တဲ့ ရိုဟင်ဂျာ နယ်မြေတွေမှာ ပြန်လည် အခြေချနေတဲ့ မွတ်ဆလင်မဟုတ်တဲ့ သူမှန်သမျှကို အခွင့်အရေး ရရင် ရသလို တိုက်ခိုက်ဖို့ ရည် ရွယ်နိုင်ပါတယ်။”
ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် တို့ကြားတွင် တင်းမာမှုများ မြင့်တက်စေလိမ့်မည်၊ ၂ နိုင်ငံ၏ တပ်မတော်များကြားမှ ပဋိပက္ခများသို့ ဦးတည်မည့် အလားအလာရှိသည်ဟု ICG က သတိပေးလိုက်သည်။ ထို့ပြင် မြန်မာ နိုင်ငံအတွင်းမှ ရိုဟင်ဂျာ ဆန့်ကျင်ရေးသဘောထားများကို ပိုမို အင်အားကောင်းစေနိုင်ပြီး ဒုက္ခသည်များ ပြန်သွားရေး အခွင့်အရေးများကို အတားအဆီး ဖြစ်စေမည့် ခိုင်မာအားကောင်းသော လုံခြုံရေး ဆောင်ရွက်မှုများ ပေါ်ပေါက်စေလိမ့် မည်။
ထို့ပြင် ရခိုင်ဗုဒ္ဓဘာသာဝင်များကို တိုက်ခိုက်ခြင်းက မွတ်ဆလင် ဆန့်ကျင်ရေး သဘောထားများကို မီးထိုးပေးသလို ဖြစ် စေနိုင်ပြီး လတ်တလော ပဋိပက္ခများနှင့် ယခုထိ ကင်းလွတ်နေသေးသည့် ရခိုင်ပြည်နယ် အလယ်ပိုင်းကို ပဋိပက္ခအတွင်း သို့ ဆွဲသွင်းသလို ဖြစ်သွားလိမ့်မည်ဟု ICG ၏ အစီရင်ခံစာက ထပ်ပြောသည်။
ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းကို ဆန့်ကျင်ရန် လည်း ICG က တိုက်တွန်းလိုက်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှု မပြုလုပ်ခြင်းအစား ဖွံ့ဖြိုးရေး အကူအညီများ ပေးခြင်းနှင့် စစ်ရေးမဟုတ်သည့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက် ထိန်းသိမ်းထားသင့်သည်ဟု ပြောသည်။
မူဝါဒ ချမှတ်သူများအနေဖြင့် အရေးယူပိတ်ဆို့မှုများက အပြုသဘောဆောင်သည့် အပြောင်းအလဲများကို ယူဆောင်ပေး လိမ့်မည် ဆိုသော ထင်ယောင်ထင်မှားဖြစ် မနေသင့်ကြောင်း၊ အခြေအနေပိုဆိုးသွားခြင်းသာ ဖြစ်နိုင်ကြောင်း ICG က ပြောသည်။
“အရေးယူပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုအနေနဲ့ အစိုးရ၊ တပ်မတော်နဲ့ ပြည်သူတွေကို ပိုပြီးတော့တောင်မှ အတူတကွ နီး ကပ်သွားစေနိုင်ပြီး အနောက်တိုင်းက အပြောင်းအလဲမြန်တဲ့ မိတ်ဆွေ၊ ယုံကြည်အားထားလို့ မရတဲ့ မိတ်ဖက်ဆိုပြီး လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ သဘောထားတွေကို ပိုပြီး အားကောင်းသွားစေတာက ဖြစ်နိုင်ချေ အရှိဆုံးပါပဲ” ဟု ICG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။