သတင်း

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင် ဒုက္ခသည် ၄၀၀ ကျော် စတင် လက်ခံမည်

Want create site? Find Free WordPress Themes and plugins.

အကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်များကို ပထမဆုံးကြိမ် အစုလိုက် အပြုံလိုက် လက်ခံမှုအဖြစ် ဟိန္ဒူဘာသာဝင် ၄၀၀ ကျော်ကို စတင် လက်ခံနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကိုယ်ရေးအချက်အလက်များ ဖြည့်သွင်း ရမည့် လျှောက်လွှာ ၆၀၀ ခန့်ကို မြန်မာ အစိုးရဘက်မှ ပေးပို့ထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အစိုးရ၏ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ၏ ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲအပြီးတွင် နေပြည်တော်ရှိ သတင်းထောက်များကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒေါက်တာ ဝင်းမြတ်အေးက“အခုလောလောဆယ်မှာတော့ ဟိန္ဒူတွေ ပြန်လာနိုင်ဖို့အတွက် လျှောက်လွှာ ၆၀၀ လောက် ပို့ထားပါတယ်။ မကြာခင်မှာပဲ ဆက်ပြီးတော့ ဘယ်နေရာတွေမှာတော့ အိမ်တွေက အဆင်သင့်ရှိတယ်။ ဘယ်နေရာတွေမှာတော့ ဘယ်လိုလုပ်မယ်။ အဲလို မူတည်ပြီးတော့ လျှောက်လွှာတွေ ဆက်တိုက်ပို့သွားမယ်”ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များကို ပြန်လည်လက်ခံနိုင်ရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့ကြား သဘောတူညီမှုတခုကို နားလည်မှု စာချွန်လွှာအဖြစ် လက်မှတ်ရေးထိုးခဲ့ကြပြီး ရက်သတ္တပတ် ၃ ပတ်အတွင်း ၂ နိုင်ငံကြား ပူးတွဲ ကော်မတီတခု ဖွဲ့စည်းရန်၊ ၂ လအတွင်း ပြန်လည် လက်ခံရန် အချက်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ဟိန္ဒူဘာသာဝင်များက အစုလိုက် အပြုံလိုက် ပြန်လာချင်သည်ဟု စတင် တောင်းဆိုသည့် အတွက်ကြောင့် ၎င်းတို့ကို အရင်ဆုံး လက်ခံရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ပြန်လာမည့်သူများသည် ၎င်းတို့၏ သဘောဆန္ဒအလျောက် ပြန်လာရန် လိုအပ်ပြီး ယင်းသို့ ဆန္ဒရှိသူများအတွက်သာ လက်ခံပုံစံလျှောက်လွှာများ ပေးပို့မည် ဖြစ်ကြောင်း UEHRD ၏ ဒုတိယ ဥက္ကဌ ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

“ပြန်လာရင် သူတို့နေဖို့အတွက် ကျနော်တို့ စီစဉ်နေတယ်။ စီစဉ်တယ်ဆိုတာ ကျနော်တို့က ဥပမာအားဖြင့် ငါးခူရတို့၊ တောင်ပြို လက်ဝဲ တို့နဲ့ နီးတဲ့နေရာတွေမှာ ကျနေ်ာတို့ မီးလောင်သွားတဲ့အိမ်တွေ ရှိရင် အရင် စဆောက်ဖို့ ကျနော်တို့ စီစဉ်နေတယ်။ ငါးခူရနဲ့ နီးတဲ့နေရာမှာ ကျနော်တို့ စဆောက်ဖို့ စီစဉ်နေတယ်”ဟု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ဒုက္ခသည် ပြန်လည်လက်ခံရေး ၂ နိုင်ငံ သဘောတူစာချုပ်ကို ပြည်သူများအား ပွင့်လင်းမြင်သာမှုရှိစွာ ချမပြ၍ မည်သည့် အချက်များ ပါ ဝင်နေသည်ကို မသိရကြောင်း၊ ပြန်လက်ခံမည့် ဘင်္ဂလီဒုက္ခသည်များထဲတွင် အကြမ်းဖက်ပုန်ကန်ခဲ့သူများ ပါဝင်နိုင်သောကြောင့် ၎င်းတို့ ကို မူလနေရာများတွင် ပြန်လည် နေရာချထားပေးမည်ဆိုပါက ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများမှာ နေရပ်စွန့်ခွာတော့မည်ဟု သိရကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်သောင်းရွှေက ဧရာဝတီသို့ ပြောသည်။

ဦးအောင်သောင်းရွေက“ဟိန္ဒူတွေက အေးအေးဆေးဆေးပဲ နေတာဖြစ်လို့ သူတို့နဲ့က အတူနေနိုင်တယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေ ပြန်လာရင် ဘယ်လို လုပ်မလဲ။ သူတို့က အရင်လိုပဲ နေရာမှာ ပြန်ရောက်လာရင်တော့ ကျနော်တို့ ဒီမှာ နေလို့မရတော့ဘူး။ မနေရဲကြတော့ဘူး။ အကုန်ထွက်သွားရဖို့ပဲ ရှိတော့တယ်”ဟု ပြောသည်။

မွတ်စလင် ဒုက္ခသည်များအတွက် လျှောက်လွှာပို့ပေးခြင်း ရှိ၊ မရှိကိုမူ မရှင်းလင်းသေးသော်လည်း ၎င်းတို့ကို ပြန်လည် လက်ခံနိုင်ရန် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နေအိမ်များကို စီမံကိန်းများ ချ၍ ဆောက်လုပ်နေကြောင်း၊ ပြန်လာမည့်သူများအတွက် နိုင်ငံသားဖြစ်မှု ကိစ္စများ ဦးတည်ဆောင်ရွက်မည်ဖြစ်၍ အားလုံး အစစ်ဆေးခံနိုင်ရမည် ဖြစ်ကြောင်း UEHRD ထံမှ သိရသည်။

“မွတ်စလင်တွေပြန်လာရမယ့် ပုံစံက သိက္ခာရှိရှိ လုံလုံခြုံခြုံဆိုတဲ့ သဘောတွေ ပါနေတယ်။ အခု ပြင်ဆင်ထားတာကို ကြည့်မယ် ဆိုရင်တော့ မလာနိုင်စရာ အကြောင်းတော့ မရှိဘူး။ အတင်းပြန်လာပါလို့ ခေါ်လို့လဲ မရဘူး။ ကျနော်တို့က ဆန္ဒရှိတဲ့လူတွေ လက်ခံဖို့အတွက် ပုံစံတေ ွပို့လိုက်တယ်။ အဲဒီပုံစံတွေမှာ ဆန္ဒရှိတဲ့လူတွေက ပုံစံကို ဖြည့်ရမယ်”ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။

ထို့ပြင် ပြန်လာမည့်သူများကို နိုင်ငံသား စိစစ်မှုလုပ်ငန်း (National Verification Process) ထဲသို့ ထည့်လိုက်မည် ဖြစ်ပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ စိစစ်မှုများပြုလုပ်ကာ နိုင်ငံသား ဖြစ်သင့်သူ၊ ဧည့်နိုင်ငံသား ဖြစ်သင့်သူနှင့် အခြားဟူ၍ ခွဲခြားကာ အခွင့်အရေးများ ပေးအပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

ဒုက္ခသည်များ ပြန်လည် လက်ခံခြင်းကို ၁၉၉၃ ခုနှစ်က တကြိမ် လက်ခံခဲ့ဖူးပြီး ယင်းပုံစံ Guide Line ဖြင့် ပြန်လည် လက်ခံရန် မြန်မာ အစိုးရ ကြိုးစားနေပြီး ဘင်္ဂလားဒေ့ရှ်ကမူ ဒုက္ခသည်များကို အမြန်ဆုံးပြန်လည် လက်ခံပေးရန် ဖိအားပေးနေပြီး ယခုတကြိမ်တွင်လည်း မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသူ ၆ သိန်းကျော်ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြောဆိုလျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading