သတင်း

ပုသိမ် ကန်သာယာပန်းခြံအနီး အမျိုးသမီးတဦး အလောင်းတွေ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်၊ ကန်သာယာပန်းခြံအနီးရှိ အဆောက် အအုံပျက် တခုအနီးတွင် ပုပ်ပွနေသည့် အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကိုဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ သေဆုံးသူမှာ ပုသိမ်မြို့၊ ရေကြည်ဦးရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ဒေါ်မိုးမိုးခိုင် ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ ရက်ခန့်က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲက ယူဆထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနေကြောင်း ပုသိမ်မြို့မ ရဲစခန်း က ပြောသည်။

ပုသိမ်မြို့မ စခန်းမှူး ဒုရဲမှူး မျိုးသူ က “သေဆုံးသူက ပန်းခြံထဲလာတဲ့ စုံတွဲတွေ ဧည့်သည်တွေဆီက လိုက်ပြီး တောင်းရမ်း စားသောက်နေသူတဲ့ သူပါ။ ကျနော်တို့ အမြဲတမ်း စောင့်ကြည့်နေတဲ့ လူစာရင်းထဲမှာ ပါပါတယ်။ လွန်ခဲ့တဲ့ လတွေကတောင် သူ့ကို မှောင်ရိပ်ခိုမှုနဲ့ စခန်းမှာ အမှုဖွင့်ခဲ့ဘူးတဲ့ သူတယောက်ဖြစ်ပါတယ်။ သူသေဆုံးတာကို လုပ်ထုံးလုပ်နည်းနဲ့ အညီ သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက် ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကန်သာယာပန်းခြံအနီးတွင် တွေ့ရှိရသည့် ဒေါ်မိုးမိုးခိုင်၏ အလောင်းအား မနောဖြူ လူမှုကူညီရေး အဖွဲ့မှ မော်တော်ယာဉ်ဖြင့် ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပုသိမ်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

Loading