သတင်း

TNLA တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းမိထားကြောင်း တပ်မတော်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်အတွင်း မိုင်းထောင်ရန်နှင့် တပ်မတော်စစ်ကြောင်းများ သွားလာမှု သတင်း များကို စုံစမ်းရန် တာဝန်ပေးခံထားရသည့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးပြီး စစ်ဆေးအရေးယူရန် နမ့်ဆန် မြို့မရဲစခန်းသို့ လွှဲပြောင်း ထားသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် လိုက်သည်။

နမ့်ဆန်မြို့နယ်သည် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ပြီး ဖမ်းဆီးမိသူ ၂ဦးသည် နမ့်ဆန်မြို့နယ်၊ မက်မန်း ကျေးရွာသား ဦးကျော်ခိုင် (ခ) အိုက်မြိုင် နှင့် ဟိုက်တန် ကျေးရွာသား ဦးမိုးကျော် (ခ) အကျော်တို့ ဖြစ်ကြောင်း ဒီဇင်ဘာလ ၇ ရက်နေ့က တပ်မတော် သတင်းထုတ်ပြန်ချက် အရ သိရသည်။

ဦးကျော်ခိုင်ကို နိုဝင်ဘာလ ၁၇ ရက်က နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာအတွင်း မသင်္ကာသူတဦး ရောက်ရှိနေ သည်ဟု သတင်းရရှိသဖြင့် တပ်မတော် စစ်ကြောင်းများက ဖမ်းဆီး စစ်ဆေးချက်အရ TNLA တပ်သား ဟု သိရှိခဲ့ရပြီး ၎င်း နှင့်ဆက်စပ်နေသည့် ဦးမိုးကျော်ကိုလည်း ဒီဇင်ဘာလ ၆ ရက်တွင် ထပ်မံ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တပ်မတော်မှ ဖမ်းဆီးထားသူ ၂ဦးသည် ၎င်းတို့အဖွဲ့ဝင်များ ဖြစ်ကြောင်း TNLA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တာဘုန်းကျော် က လည်း ဧရာဝတီကို ပြောသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော် က “သူတို့က တနေရာနဲ့ တနေရာ သွားလာလေ့ ရှိကြပါတယ်။ အလုပ်လုပ် တာတော့ မဟုတ်ပါဘူး။ တရွာနဲ့ တရွာ သွားလည်တာမျိုးတို့ ။ သူတို့ အသိမိတ်ဆွေတွေဆီ သွားလည်တာမျိုးတို့ပါ။ အဲ့အချိန်မှာ သူတို့ ဖမ်းမိတာပါ” ဟု ပြောသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ကနဦး ဖမ်းမိသည့် ဦးကျော်ခိုင်ကို စစ်ဆေးရာ နမ့်ဆန်မြို့မှ ပန်လုံမြို့ကို သွားသည့် နမ့်ဆန်-ပန်လုံ ကားလမ်းမ၊ မိုင်တိုင် ၁၇ အနီးတွင် လက်လုပ် ရီမုမိုင်း ၁လုံး ထောင်ထားသည်ဟု သိရသဖြင့် တပ်မတော် စစ်ကြောင်းများက နိုဝင်ဘာလ ၁၇ ရက်၊ နေ့လည်ပိုင်းက သွားရောက် ဖယ်ရှားခဲ့သည်ဟု ဖော်ပြထားသည်။

နမ့်ဆန်- ပန်လုံ ကားလမ်းမသည် ဒေသခံများအပြင် သီပေါမြို့နယ်ကို အလည်အပတ် လာရောက် ကြသည့် ပြည်တွင်း ခရီးသွားများနှင့် ကမ္ဘာလှည့်ခရီးသွားများ ရှုခင်းကြည့်ရန် သွားလာနေသည့် နေရာများ ဖြစ်သည်။

ဦးကျော်ခိုင် သည် TNLA တပ်ဖွဲ့ အတွင်းသို့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှ စ၍ ဝင်ရောက်ကာ တာဝန် ထမ်းဆောင်ခဲ့ပြီး “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) မှ ပေးပို့လာသည့် လက်နက် ခဲယမ်းများကို ၄ ကြိမ် သယ်ယူ ပေးဖူးကြောင်း၊ လက်ရှိတွင် တာဝန် ပေးချက်အရ တပ်မတော် စစ်ကြောင်း များ၏ လှုပ်ရှားသွားလာမှုများကို သတင်းပေးခြင်းနှင့် မိုင်းထောင်ခြင်းတို့ လုပ်ဆောင် နေသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ရေးထားသည်။

ထပ်မံ ဖမ်းဆီးမိသည့် ဦးမိုးကျော်သည်လည်း ၂၀၁၆ ခုနှစ်၊ မေလမှစ၍ TNLA ထဲသို့ ဝင်ရောက်လာပြီး တပ်မတော် စစ်ကြောင်းများ သွားလာသည့် သတင်းအချက် အလက်များကို ဖုန်းဖြင့် ၂ရက် ၁ ကြိမ်ခန့် သတင်းပေးကာ သြဂုတ်လ က မန်ကန် ကျေးရွာအနီး၊ လုံတောက်လမ်းဆုံတွင် မိုင်း ၂လုံးထောင်ထားကြောင်း၊ စက်တင်ဘာလကလည်း လုံတောက်- မန်ကန် သွားသည့် လမ်းတွင် မိုင်း ၄ လုံးထောင် ထားသည်ဟု စစ်ဆေးရာတွင် ဖြေဆိုထားကြောင်း၊ ထောင်ထားသည့် မိုင်းများကို တပ်မတော်မှ ရှာဖွေ နေဆဲ ဖြစ်သည်ဟု တပ်မတော် ဘက်က ဆိုသည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည့် အများပြည်သူ သွားလမ်းမများတွင် မိုင်းထောင်သည်ဟူသည့် အချက်မှာ စွပ်စွဲချက် ဖြစ်ကြောင်း၊ စစ်ဆင်ရေး မဟုတ်သည့် နေရာများတွင် မိုင်းမထောင်ကြောင်း ငြင်းဆိုသည်။

ဆက်လက်ပြီး ၎င်းက “တပ်မတော် က ဖမ်းမိသွားတဲ့ အိုက်မိန်းဆိုရင်လည်း သူတို့စွပ်စွဲတာ စွပ်စွဲ ချက် သက်သက်ပဲ။ အဲ့ဒီ့မိုင်းတွေက ကျနော်တို့ မိုင်းလည်း မဟုတ်ဘူး။ စစ်ဆင်ရေးကာလ တချို့နေရာမှာ ကျနော်တို့ မိုင်းတွေကို မြန်မာ့တပ်မတော်က ရထားတာတွေ ရှိတယ်။ အဲ့တာတွေ ပြပြီး စွပ်စွဲတာပါ။ ကျနော်တို့က အများပြည်သူသွားတဲ့ လမ်းတွေမှာ မိုင်းတွေ ထောင်တာ မရှိပါဘူး” ဟု ပြောသည်။

တပ်မတော်က ဖမ်းဆီးစစ်ဆေးထားသည့် ဦးကျော်ခိုင်နှင့် ဦးမိုးကျော်တို့ကို နမ့်ဆန်မြို့မရဲစခန်းသို့ လွှဲပြောင်းပြီး တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

ဧရာဝတီက နမ့်ဆန်မြို့မရဲစခန်းကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

၂၀၁၇ ခုနှစ်အတွင်း တပ်မတော်မှ TNLA အဖွဲ့ဝင်များကို ဖမ်းဆီးစစ်ဆေးပြီး သက်သေမခိုင်လုံပါက ပြန်လွှတ် ပေးသည်များ ရှိသည့်အပြင် သတင်းအချက် အလက်များရကာ ဖမ်းဆီးပြီး စစ်ဆေးခံနေရ သူများလည်း ရှိသည်ဟု ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။

TNLA ၏ စာရင်းများအရ ၎င်းတို့ တပ်ဖွဲ့ဝင်များအနက် ဖမ်းဆီးခံရသည်ဟု သတင်းများကြားပြီး ပျောက်ဆုံး သွားသူ ၆ ဦး၊ ဖမ်ဆီးထားပြီး စစ်ဆေးခံနေရဆဲ ၂၀ ကျော် ရှိပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲခံထားသူ ၁၀ ဦးကျော် ရှိသည်ဟုလည်း ဗိုလ်မှူးချုပ် တာဘုန်းကျော် က ဆိုသည်။

အောက်တိုဘာလအတွင်းကလည်း နမ့်ဆန်မြို့အပြင်ဘက်တွင် တွေ့သည့် ၁၄ နှစ်အရွယ် ကျောင်းသားတဦးကို တပ်မတော် စစ်ကြောင်းများက စစ်ဆေးရာ ၎င်း၏ ဖုန်းတွင် TNLA ၏ ဓါတ်ပုံ တွေ့သဖြင့် ၁၇(၁) ဖြင့် တရားစွဲဆိုပြီး တရားရုံးက ထောင်ဒဏ် ၂နှစ် ချမှတ်ထားသည်။

တပ်မတော်၏ သတင်းထုတ်ပြန်ချက်ထဲတွင် TNLA ကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ဟု သုံးနှုန်း ထား ပြီး TNLA သည် ဒီမိုကရေစီ အစိုးရလက်ထက်တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို တိုက်ခိုက် နေသည်ဟု ဆိုကာ ငြိမ်းချမ်းရေး မဆွေးနွေးနိုင်ဟုလည်း ပြောဆိုထားသည်။

TNLA က UWSA ဦးဆောင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးရေး ကော်မတီ (FPNCC) တွင် ပါဝင်ပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးနိုင်ရန် ညှိနှိုင်းလျက်ရှိသည်။

တပ်မတော်နှင့် TNLA သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက် ရှိပြီး ဒီဇင်ဘာလ ၆ ရက်ကလည်း နမ္မတူမြို့နယ်၊ ဟိုနားကျေးရွာအနီး၌ တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading