လက်ဘနွန်က ဟဇ်ဘိုလာအုပ်စု ခေါင်းဆောင် ဟူစိန် နာဆရယ်လ်က ပါလက်စတိုင်း အစ္စလာမ်မစ် ဟားမတ်စ် အုပ်စုကို ထောက်ခံပြီး သွေးစည်းညီညွတ်ဖို့ ပြောဆိုကာ အစ္စရေး အပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လှုံဆော် ပြောလိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြု ကြောင်း ပြောလိုက်ပြီးတဲ့နောက်မှာ မွတ်စလင်နိုင်ငံများက ဆန့်ကျင်ခဲ့ကြသလို ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းဒေသ အစ္စရေးသိမ်းပိုက်ရာ ဒေသမှာ အဓိကရုဏ်းများ စတင်ဖြစ်ပွားနေ ပါတယ်။
ပါလက်စတိုင်း အစ္စလာမ်မစ် အုပ်စု ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက အစ္စရေးအပေါ် ပုန်ကန်ထကြွမှုတွေပြုလုပ် ဖို့ မနေ့က ပြောဆိုလိုက်ပြီးတဲ့နောက်မှာ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးကို ဒုံးကျည် ၂စင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အစ္စရေးပိုင်နက်ကိုတော့ ကျရောက် ခြင်းမရှိပေမယ့် အစ္စရေးက မာကာဗာ တင့်ကားတွေနဲ့ ဟားမတ်စ်ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ် လို့ ထုတ်ပြန်ပါတယ်။
အလားတူ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဘက်သ်လီဟမ်ဒေသမှာ ပါလက်စတိုင်း ဆန္ဒပြသမား တွေနဲ့ အစ္စရေးလုံခြုံရေး တပ်တွေ ထိပ်တိုက်တွေ့ခဲ့ပြီး၊ ပါလက်စတိုင်းများက ကျောက်ခဲ့များ ပစ် ပေါက်သလို အစ္စရေးကလည်း မျက်ရည် ယိုဗုံး၊ ရာဘာကျည်နဲ့ ပစ်ရာ ၃၁ဦးခန့် ဒဏ်ရာရခဲ့ ပါတယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာလည်း အစ္စရေးဆန့်ကျင်ရေး ကြွေးကြော်သံများကို ဟစ်ကြွေးကာ အစ္စရေးအလံကို မီးရှို့ခဲ့ပါတယ်။
တူရကီသမ္မတ အာဒိုဂန်ကတော့ ရုရှားသမ္မတ ပူတင်နဲ့ ဖုန်းစကားပြောပြီးနောက် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေကြောင်း ပြောဆိုခဲ့ ပြီး တင်းမာမှုများ လျော့ပါရေး ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။
အလားတူ သမ္မတ အာဒိုဂန်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ လည်း ဖုန်းဆက်ကာ ဂျေရုဆလင်မြို့ နဲ့ ပတ်သက်ပြီး ပြောင်းလဲဖို့ မည်သည်ကြံစည်မှုကိုမဆို ရှောင်ကြဉ်ဖို့ သဘောတူတယ်လို့ Reuters သတင်းက ဆိုပါတယ်။
ခေါင်းဆောင် ၂ဦးလုံးက ဂျေရုဆလင်ကို ဂျူး၊ ခရစ်ယာန်နှင့် မွတ်စလင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေရာအဖြစ် အသိအမှတ်ပြု အလေးထားခဲ့ပါတယ်။
ဂျာမနီရဲ့ ဝန်ကြီးချုပ် အန်ဂျယ်လာ မာကယ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံဘူးလို့ ဆိုပါတယ်။
အလားတူ ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်ကလည်း သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရာဇဝတ်မှုတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကို ဂျေရုဆလင်အရေး ဆွေးနွေးဖို့ အမေရိကန်သမ္မတ အိမ်ဖြူတော်ကို ဖိတ်ကြားထားတယ်လို့လည်း အစ္စရေးသတင်းဌာန Haaretz က ဆိုပါတယ်။
ဆက်စပ်ဖတ်ရှု့ရန် – အစ္စရေး အပေါ် တော်လှန်ရေး ဆင်နွဲဖို့ ဟားမတ်စ် ခေါင်းဆောင် ပြော