မူးယစ်ဆေးစွဲသူများကို ပြန်လည်ထူထောင်ရာတွင် အလုပ်အကိုင်များ ရရှိနိုင်သည်အထိ ပံ့ပိုးကူညီဆောင်ရွက် ပေးရန် စီစဉ်လျက်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အရင်တုန်းက ပြန်ထူစခန်းတွေက ပစ္စည်းပစ္စယလည်း မစုံလင်ဘူး။ နေချင်စရာလည်း မရှိဘူး။ နေချင်စရာ ဖြစ်အောင် လုပ်နေတယ်။
အသက်မွေးဝမ်းကျောင်းပညာနဲ့ ပတ်သက်ပြီး သူတို့ဘာစိတ်ဝင်စားလဲ။ သူတို့ ဘာတတ်ချင်လဲ။ အဲဒီပေါ် မူတည်ပြီး အသက်မွေးဝမ်းကျောင်း ရအောင် လုပ်ပေးလိုက်ရမယ်။ နောက်ပြီးရင် အလုပ် တခုခုနဲ့ ချိတ်ဆက်ပေးလိုက်ရမယ်။ ဒါမှ မူးယစ်ဆေး သံသရာ ပြတ်မယ်” ဟု ပြောသည်။
မူးယစ်ဆေးစွဲသူများကို မူးယစ်ဆေးဖြတ်စခန်းများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများပြုလုပ်ရာတွင် စနစ်သစ်များ ပြောင်းလဲ ကျင့်သုံးလျက်ရှိပြီး ဆေးဖြတ်စခန်းများမှ ထွက်ခွာချိန်တွင် အလုပ်အကိုင်များ ရရှိပြီး မူးယစ်ဆေး သံသရာမှ လွတ်မြောက်ရန်အတွက် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။
ဆေးဖြတ်စခန်းများကို ပြန်လည်တည်ဆောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား ပေးနိုင်ရန်ဆောင်ရွက်ခြင်း၊ ကြီးကြပ်မည့်သူများကို သင်တန်းပေးခြင်း၊ ရပ်ရွာအခြေပြု ပညာပေးလုပ်ငန်းများ အတွက် သင်တန်းပေးနေခြင်းတို့ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါး သုံးစွဲသူအများစုမှာ မူးယစ် သံသရာမှ လွတ်မြောက်ရန် ခက်ခဲကြပြီး ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်း၏ ပံ့ပိုးမှုနှင့် စဉ်ဆက်မပြတ် ကုသမှု၊ ကြီးကြပ်မှုများ လိုအပ်သဖြင့် ရေရှည်မျှော်ကြည့်သော လုပ်ငန်းတခုဖြစ်ရန် လိုအပ်ကြောင်း မူးယစ်ဆေးဝါး မူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေး အဖွဲ့ (DPAG)မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“အခု အလုပ်ရ၊ အခု မူးယစ်ဆေးတော့ ပြတ်သွားမှာမဟုတ်ဘူး။ ရေရှည်ကြီးကြပ်ပြီး ကုသမှု၊ စစ်ဆေးမှု ပေးနေမယ်ဆိုရင်တော့ ပိုထိရောက်တာပေါ့ ”ဟု ၎င်းက ဆိုသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် လက်ရှိလည်ပတ်နေသည့် ပြန်လည်ထူထောင်ရေးစခန်း ၅ ခုရှိပြီး ၎င်းတို့မှာ မန္တလေး ၊ မြစ်ကြီးနား ၊ လားရိူး ၊ ကျိုင်းတုံ ၊ တာချီလိတ်မြို့ တို့တွင် ဖြစ်ကြောင်းသိရသည်။
မူးယစ်ဆေးဝါး ဥပဒေသစ်တွင် သုံးစွဲသူများကို နှစ်ရှည်ဖမ်းဆီးထောင်ချမည့် အစား ပြန်လည်ထူထောင်ရေး စခန်းများတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ကိုင်ရန် ပြဋ္ဌာန်းထားသည်။