ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တပ်ပေါင်းစု အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်း အဝေး မစမီ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) ထံမှ သတင်းရရှိသည်။
ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးအောင်စိုးက “ဒီတတိယအကြိမ် ပင်လုံညီလာခံ မစမီမှာ ထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ထား ပါတယ်။ ရထားတဲ့ သတင်းကတော့ ကျနော်တို့ အကောင်းပဲမျှော်လင့်တော့ အကောင်းဘက်ကပဲ ယုံကြည် ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ၂၁ ပင်လုံ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံး အပတ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ၆ ကြိမ်မြောက် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် ချမှတ်ထားပြီး ဖြစ်သည်။
ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့သည် NCA လက်မှတ်ထိုးနိုင်ရေး ၁၅ လကျော်အကြာ ဆွေးနွေးခဲ့ရာမှ NCA စာချုပ်တွင် ပါရှိပြီးဖြစ်သော “ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့် အညီ” ဆိုသည့် ဝေါဟာရ အရောက်တွင် ရပ်တန့်သွားခဲ့ရသည်။
UNFC မှ အဆိုပြုချက် ၈ ချက်အနက် ကျန်ရှိနေသော ထိုအချက် ၁ ချက်ကို သဘောတူညီမှုရယူနိုင်ရေး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးရန် ကြိုးပမ်းခဲ့ကြသော်လည်း တရားဝင် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ဘဲ တစ်ဆို့မှု ဖြစ်သွားခဲ့သည်။
နှစ်ဘက်ဆွေးနွေးပွဲများ ပြန်လည်မစနိုင်သေးသော်လည်း အဖွဲ့ဝင်များအတွင်း NCA လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက် နေမှုများရှိကြောင်း အမည်မဖော်လိုသော DPN အဖွဲ့ဝင်တဦး က ဧရာဝတီသို့ ပြောသည်။
DPN အဖွဲ့ဝင် တဦးက “ကျနော်တို့ NCA လက်မှတ်ထိုးနိုင်ဖို့အတွက် ကြိုးပမ်းနေတယ်။ ကျန်နေတဲ့ အချက်ကို ကျော်လွှား နိုင်ဖို့လည်း နည်းလမ်း ရှာထားတယ်။ ဒါကိုတပ်ပေါင်းစုဖြစ်တဲ့ အလျောက် ကျနော်တို့ UNFC အဖွဲ့ဝင်တွေကိုရှင်းပြပြီး သဘောထားရယူမယ်။ သူတို့က သဘောတူရင် ဒါကအဆင်ပြေပြီ မဟုတ်ရင်တော့ တမျိုး ပြန်စဉ်းစားရအုံးမယ်” ဟု ပြောသည်။
UNFC ဥက္ကအဖြစ် တာဝန်ယူထားသော မွန်ပြည်သစ်ပါတီ (NMSP) က ယခုနှစ် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက် အထိ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပကာ NCA လက်မှတ်ရေးထိုးနိုင်ရေး နည်းလမ်းများ ရှာဖွေခဲ့ကြကြောင်း သိရပြီး ထိုအစည်းအဝေးပြီးတွင် မွန်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် NMSP ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့ကြောင်းသိရသည်။
ဦးအောင်စိုးက “နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့ စကားအတိုင်း တရက်စောရရင် တရက် လူထုအတွက် အကျိုးရှိတယ်ဆိုတဲ့ အတိုင်း NCA စာချုပ်ကြီးလည်း ကျနော်တို့ ရရှိထားပြီးဖြစ်လို့ ကျနော်တို့ NLD ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပူးပေါင်း ဆောင်ရွက်ရင် ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ ပါဝင်ကြသည်။