ယဉ်ကျေးမှုဆိုင်ရာ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး အမေရိကန် သံအမတ်ကြီးများ ရန်ပုံငွေ ဒုတိယအရစ် ထောက်ပံ့မှုနှင့် ကမ္ဘာ့ အထိမ်းအမှတ် အဆောက်အအုံများ ရန်ပုံငွေအဖွဲ့(WMF)မှ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်တွင် နှစ်ပေါင်း ၁၉၀ သက်တမ်းရှိပြီဖြစ်သည့် ယုဒသန် ပထမ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းအား ဆက်လက် ပြုပြင်မွမ်းမံမည် ဖြစ်သည်။
ယင်းဘုရားကျောင်းကို ၁၉ ရာစုအစောပိုင်းက မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ နီးပါး နေထိုင်သွားခဲ့သည့် အမေရိကန် ခရစ်ယာန် သာသနာပြု ယုဒသန်က ၁၈၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လတ်တလောတွင် မွမ်းမံထိန်းသိမ်းရန် ဖြည့်တင်းငွေ အမေရိကန်ဒေါ်လာ ၁ သိန်း ရရှိမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း အလားတူထောက်ပံ့ခဲ့ရာ ဒေါ်လာ ၁၂၅၀၀၀ ရခဲ့သည်။ ထပ်မံရရှိသည့် ထောက်ပံ့ငွေကို နှစ်နှစ်စီမံကိန်းတွင် ပြည့်မီအောင် သုံးစွဲရန် WMF က လျာထားထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာဆီယဲလ်က စနေနေ့တွင် မွန်ပြည်နယ်လူမှုရေးဝန်ကြီး ဦးထိန်လင်းနှင့် ဘုရားကျောင်းသင်းအုပ်ဆရာ ရီဗာရမ်ဒေးဗစ်နှင့်အတူ ပေးအပ်ပွဲ ကျင်းပသွားမည်ဟု အမေရိကန်သံရုံးမှ ပေးပို့ထားသော ဖိတ်စာတွင် ဖော်ပြထားသည်။
ယုဒသန်အမည်ဖြင့် ဆေးရုံများ၊ လူမှုအဖွဲ့များရှိခဲ့ပြီး ပထမဆုံးနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းသည် အမေရိကန်တို့အနေဖြင့် မြန်မာနိုင်ငံနှင့် ကာလရှည်ကြာ ထိတွေ့ဆက်ဆံခြင်း ပြယုဂ်ဖြစ်ကြောင်း သံရုံးက နိုဝင်ဘာလတွင် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။ ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး aအမေရိကန်သံအမတ်ကြီးများ ရန်ပုံငွေမှ မြန်မာနိုင်ငံအတွက် ၂၀၁၅ ခုနှစ်က စတင်ထောက်ပံ့ခဲ့ရာ ဒေါ်လာ ၂၂၅၀၀၀ ရှိကြောင်း သံရုံးကြေညာချက်က ဆက်လက်ဖော်ပြသည်။ ၂၀၁၃ ခုနှစ်ကလည်း မန္တလေးရှိ ရွှေနန်းတော် ဘုန်းတော်ကြီးကျောင်းအတွက် ဒေါ်လာ ၅ သိန်း ထောက်ပံ့ခဲ့သည်။
WMF ၏ အဆိုအရ ယုဒသန်ဘုရားကျောင်း မွမ်းမံထိန်းသိမ်းရေး ဆောင်ရွက်ခြင်းဖြင့် ဒေသခံ ကုန်သည်များ၊ ကျောင်းသားများနှင့် တာဝန်ရှိသူများအတွက် ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ် ထိန်းသိမ်းပုံနည်းစနစ်များ၊ အဆောက်အအုံဆိုင်ရာ ကျွမ်းကျင်ပညာရပ်များကို ယင်းစီမံကိန်း တည်ရှိရာ မော်လမြိုင်တွင် မိတ်ဆက် သင်ကြားပေးသည့် ပညာရေးအခွင့်အလမ်းကောင်း ရရှိမည်ဖြစ်သည်။
စက်တင်ဘာနှောင်းပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံထံမှ ဖိတ်ကြားချက်အရ ဗိသုကာအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် စည်းရုံးဆောင်ရွက်ရန် ၂၀၁၂ ခုနှစ်က စတင် တည်ထောင်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး(YHT)မှ အဖွဲ့ဝင်များသည် မော်လမြိုင်ရှိ သမိုင်းဝင်အဆောက်အအုံများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်သည် ရန်ကုန်ကဲ့သို့ မော်လမြိုင်တွင်လည်း အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး လိုလားသူဖြစ်သည်။ မော်လမြိုင်ရှိ သမိုင်းဝင် အဆောက်အအုံများကို ပြန်လည်ထိန်းသိမ်းနိုင်ရန် YHT မှ နည်းပညာအထောက်အကူကိုလည်း ဝန်ကြီးချုပ်က တောင်းခံခဲ့သည်။
မော်လမြိုင်မြို့တွင် သမိုင်းဝင် အဆောက်အဦးများစွာ တည်ရှိရာ ပထမ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းအပြင် မင်းတုန်းမင်း၏ စိန်တုန်းမိဖုရား ဆောက်လုပ်လှူဒါန်းခဲ့သည့် ၁၉ ရာစုလက်ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဖြစ်သော နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ရတနာဘုံမြင့်ကျောင်း၊ ၁၈၉၇ ခုနှစ်က ဘုံဘေဘားမား သစ်ကုမ္ပဏီ၏ သစ်တောရုံး၊ ဗြိတိန်ဘုရင် အက်ဒဝပ် အထိမ်းအမှတ် ၁၈၂၇ ခုနှစ် လက်ရာဖြစ်သည့် အမြောက်နှင့် ၁၉၁၂ ခုနှစ်က တည်ဆောက်ခဲ့သည့် မျှော်စင်တို့လည်း တည်ရှိသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ တင်ထက်ပိုင်၏ US Grant to See Restoration of 19th Century Church Through ကို ဘာသာပြန်သည်။)