အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ပြုတ်ကျရေး ကြိုးစားသွားမည် မဟုတ်ဘဲ လက်ရှိ အစိုးရ၏ လိုအပ်ချက်များ ကို အပြုသဘော ဝေဖန်ထောက်ပြပြီး ကူညီစရာ ရှိသည်များကိုလည်း ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ယနေ့ နေ့လယ်ပိုင်းက ပြောသည်။
“ဒီနေ့ NLD အစိုးရကို ပြောရင်လည်း လိုအပ်ချက်တွေ ရှိနေမှာပဲ။ သို့သော် ပြည်သူတွေကရော နိုင်ငံရေးပါတီတွေကရော နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးကို ရှေ့တန်းတင်ပြီးတော့ ပြောစရာရှိတာ ပြောရမှာပဲ။ ဝေဖန်စရာရှိတာ ဝေဖန်ရမှာပဲ။ ကူညီစရာ ရှိတာကို ကူညီရမှာပဲ။ အဲဒီပုံစံမျိုးနဲ့ ကျနော်တို့က သွားနေတာ”ဟု ဒေါက်တာ နန္ဒာလှမြင့်က နေပြည်တော်တွင် ပြောသည်။
တပ်မတော်အစိုးရ၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာ စွန့်လွှတ်ပြီး ရေးဆွဲပေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ ကြံ့ခိုင်ရေးပါတီသည် အာဏာရ လာပြီးနောက် သမ္မတ ဦးသိန်းစိန်သည် ဒီမို ကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်ခဲ့ပြီး NLD ပါတီကိုလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် ဖိတ်ခေါ်နိုင်ခဲ့သည်။
ထိုသို့ ကြံ့ခိုင်ရေးပါတီ အစိုးရဖြစ်ခဲ့စဉ်က နိုင်ငံတော်၏ အတွင်းရေးကိစ္စများကို မသိဘဲ NLD က အတိုက်အခံ လုပ်ခဲ့သည်များ ရှိ၍ ပြည်သူလူထုကလည်း ထင်ယောင်ထင်မှား ဖြစ်သည့်အခါ၊ တိုင်းပြည်အကျိုး ဆောင်ရွက်သည့်အခါ အခက်အခဲများ ရင်ဆိုင်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် ယင်းဒဏ်ကို ပြည်သူလူထုကသာ ခံစားရကြောင်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ဒီနေ့ သူတို့ အစိုးရဖြစ်လာတဲ့အချိန်မှာ အဲဒီတုန်းကလို အတိုက်အခံလုပ်ရင် အဲဒီဒဏ်ကို ပြည်သူတွေ ခံစားရမယ်။ ကျနော်တို့က NLD အစိုးရကို နေရာတိုင်းမှာ အတိုက်အခံ မလုပ်ဘူး။ နေရာတိုင်းမှာ ကန့်လန့် မတိုက်ဘူး။ အစိုးရ ပြုတ်ကျရေး မကြိုးစားဘူး။ မလုပ်ဘူး”ဟု ဆိုသည်။
အတိုက်အခံ ကြံ့ခိုင်ရေးပါတီ အနေဖြင့် လက်ရှိ အစိုးရ၏ အားသာချက်၊ အားနည်းချက်များကို ထောက်ပြနိုင်သော်လည်း လက်တွေ့တွင် အစိုးရနှင့် ဌာနဆိုင်ရာများ၏ လိုအပ်ချက်များကို ကောင်းကောင်း ထောက်ပြနိုင်ခြင်း မရှိသလို ထောက်ပြနိုင်သည့် အနေအထားလည်း မတွေ့ရကြောင်း NLD ပါတီမှ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ပြောသည်။
ဦးနေမျိုးထွန်းက “ကောင်းမွန်တဲ့ အတိုက်အခံဆိုရင်တော့ သူတို့ အစိုးရလုပ်ခဲ့ဘူးတာ ဆိုတော့ ကောင်းတဲ့ ဘက်ကနေ ထောက် ပြရင်တော့ လက်ခံရမယ်။ တိုးတက်ရာ တိုးတက်ကြောင်း ထောက်ပြဝေဖန်ရမှာပဲလေ။ အခုဟာက အဲဒီလိုမျိုး ကောင်းမွန်တဲ့ ထောက်ပြမှုတွေတော့ အခုလွှတ်တော်တက်နေတဲ့ကာလမှာ သိပ်မတွေ့ရဘူး”ဟု ပြောသည်။
ကြံခိုင်ရေးပါတီသည် NLD ကို လူကြီးလူကောင်းဆန်ဆန် ဝေဖန်လေ့မရှိဘဲ NLD ၏ အုပ်ချုပ်ရေး အတွေ့အကြုံမရှိမှုကို အမြဲပင် ထောက်ပြပြောဆိုလေ့ရှိကြောင်း၊ လက်ရှိ NLD အစိုးရမှာလည်း တပ်မတော် အစိုးရလက်ထက်က အတွေ့အကြုံရှိသူများကိုပင် ခေါ်ယူ၍ တိုင်းပြည်အကျိုးအတွက် ဆောင်ရွက်နေခြင်းကိုမူ သတိမူသင့်ကြောင်း၊ ကြံ့ခိုင်ရေးနှင့် NLD တို့ကြားတွင် တိုက်ရိုက် ဆက်ဆံရေး မရှိ၍ ၎င်းတို့၏ သဘောထားကို ပါတီ၏ ထုတ်ပြန်ချက်နှင့် မီဒီယာများမှတဆင့် မှန်းဆ နေရကြောင်း NLD ပါတီ ရန်ကုန်တိုင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ပြောသည်။
မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ခဲရာခဲဆစ် အသွင်းကူးပြောင်းခဲ့သော်လည်း အာဏာရှင်များ က ၎င်းတို့ အာဏာ ကို ဆက်လက်ဆုပ်ကိုင်နိုင်ရန် အဖွဲ့အစည်းတခု ဖန်တီးပေးခဲ့ရာ ယင်းမှာ ကြံ့ခိုင်ရေး ပါတီဖြစ်ကြောင်း၊ စစ်တပ်က ထူထောင်ခဲ့သည့် ပါတီဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ဗိုလ်ချုပ်ဟောင်းများကို ဦးဆောင်နေသည်ကို မြင်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာစိုးဝင်းဦးက “ဗိုလ်ချုပ်ဟောင်းတွေက ထိပ်ဆုံးမှာပဲ ရှိသေးတယ်။ ပညာရှင် အရပ်သားတွေ ဦးဆောင်တဲ့ပါတီ မဟုတ်ဘူး။ သူတို့ပါတီရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးတွေကလည်း တချိန်က နိုင်ငံပိုင်၊ အများပြည်သူပိုင် ပစ္စည်းတွေကို ဥပဒေမဲ့ သိမ်းယူပြီးတော့ ထူထောင်ထားတဲ့ပါတီပဲ။ သူတို့က ဒီမိုကရေစီ အင်အားစုတွေက နှစ်သက်လက်ခံလို့ရတဲ့ အင်အားစု ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး”ဟု ပြောသည်။
NLD အစိုးရသက်တမ်း ၂ နှစ်အတွင်း ပြည်သူလူထု၏ စီးပွားရေးဘဝတွေ သိသိသာသာတိုးတက်လာခြင်း မရှိသေး၍ ဆက်လက် စောင့်ကြည့်ရန် ၃ နှစ် ကျန်သေးကြောင်း၊ အစိုးရဆိုသည်မှာ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၎င်းတို့ အုပ်ချုပ်သည့် သက်တမ်းအတွင်း ပြည်သူလူထု ဘဝ၊ နေထိုင်စားသောက်မှု၊ လုံခြုံရေးအဆင့်အတန်းများ မြင့်မားလာအောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောသည်။
“NLD အနေနဲ့ သင့်တော်တဲ့လူတွေကို ခန့်တယ်။ အခြား USDP ပါတီက ပုဂ္ဂိုလ်တွေတောင် တာဝန်ပေးတာတွေရှိတယ်။ အဲဒီတော့ သူအစိုးရလုပ်နိုင်သလား၊ မလုပ်နိုင်ဘူးလားဆိုတာကတော့ သူ့လုပ်ငန်းတွေ အောင်မြင်လား၊ မအောင်မြင်ဘူးလားဆိုတာနဲ့ တိုင်းတာရမှာပေါ့”ဟု ၎င်းက ပြောသည်။
ကြံ့ခိုင်ရေးပါတီကမူ နိုင်ငံတော် အချုပ်အခြာ အာဏာ ဆုံးရှုံးနိုင်ခြင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေး ဆုံးရှုံးနိုင်ခြင်း၊ ပြည်သူများ ဆင်းရဲ ကြပ်တည်းမှု အနေအထားများ ကြုံလာနိုင်ပါက လက်ရှိ အစိုးရကို ၎င်းတို့ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအရ ဆွေးနွေးပွဲ များ ပြုလုပ်၍ အကြံပြုမည် ဖြစ်ကြောင်း၊ ပြည်သူများက ကြံ့ခိုင်ရေးပါတီကို ယုံကြည်လာအောင် ကြိုးစားမည် ဖြစ်ပြီး အလုပ်နှင့်သက်သေ ပြမည်ဟုလည်း ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“အနှောက်အယှက်ပေးတဲ့ အတိုက်အခံ မဟုတ်ဘူး။ အပြုသဘောနဲ့ပဲ အတိုက်အခံလုပ်တယ်။ ဒီနေ့အထိ ပြည်သူ့ဆန္ဒအကုန် ပြည့် စုံအောင်ဖော်ပေးနိုင်တဲ့ ဘယ်အစိုးရမှ မရှိဘူး။ သို့သော် ပြည်ခိုင်ဖြိုး အစိုးရ ၅ နှစ် လုပ်ခဲ့တယ်။ ဒီနေ့ NLD အစိုးရသည် ပြည်ခိုင်ဖြိုး အစိုးရထက် သာအောင်တော့ လုပ်ရမယ်။ နောက်တခါ ပြည်ခိုင်ဖြိုး အစိုးရတက်လာရင်လည်း ရှေ့က အစိုးရတွေထက် ပြည်သူ့ အကျိုးကို စွမ်းစွမ်းတမံ လုပ်နိုင်တဲ့ ပုံစံမျိုး ကြိုးစားကြရမယ်”ဟု ၎င်းက ပြောသည်။
ပြည်သူလူထု အနေဖြင့်လည်း ကြံ့ခိုင်ရေးပါတီ၊ NLD ပါတီ မည်သည့် ပါတီတွင်မဆို လူဆိုး၊ လူကောင်း ဆိုသည်မှာ ရှိနိုင်၍ အဖွဲ့အစည်းကို ဦးတည် ဆဲဆိုခြင်းမျိုး မပြုလုပ်သင့်ကြောင်း၊ တိုင်းပြည်အတွက်သာမက မည်သူ့အတွက်မှ အကျိုးမရှိကြောင်း၊ ပြည်ခိုင်ဖြိုးပါတီလောက် ကောင်းမွန်သည့် အင်စတီကျူးရှင်းမျိုး မြန်မာနိုင်ငံတွင် မရှိသေးကြောင်းလည်း ပြောဆိုခဲ့သည်။