ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များသည် ရခိုင်လူမျိုးများ အတွက် နိုင်ငံရေး သတ်ကွင်း ထောင်ချောက် ဖြစ်သည်ဟု ရက္ခိုင့် တပ်မတော် (AA) က ထုတ်ဖော် ပြောဆိုသည်။
ခံစားချက်များကို ရှေ့တန်းမတင်ကြဘဲ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် ရခိုင်သူ ရခိုင်သားများ စည်းစည်း လုံးလုံးနေကြပါဟု လည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အဆိုပါ သတင်းစကားများကို AA ၏ သတင်းနှင့် ပြန်ကြားရေး လူမှုကွန်ရက် စာမျက်နှာတွင် ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် တင်ထားသည့် ဗီဒီယိုဖိုင်တခုတွင် ပြောဆိုထားသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်ခံရခြင်း အပေါ်တွင် အတွေးအခေါ် သဘောထား အမျိုးမျိုးနှင့် ပြဿနာသည် ရှုပ်ထွေး လွန်းနေသဖြင့် အထူးသတိ ပေးသည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဆိုသည်။
၎င်းက “ကျနော်တို့ ရခိုင်လူမျိုးတွေ အနေနဲ့ ပြဿနာတွေ များလေ ပိုလို့ ဝိဝါဒတွေ ကွဲပြားလေ မဖြစ်ဘဲနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ ပြဿနာတွေကို စည်းလုံး ညီညွတ်မှုတွေနဲ့ ရပ်တည်ပြီး ရင်ဆိုင် ဖြေရှင်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်တွေ အနေနဲ့ ပိုလို့ စုစုစည်းစည်း ဖြစ်ဖို့ ကြိုးစားရပါမယ်”ဟုလည်း ပြောသည်။
သြဂုတ်လမှစ၍ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု တိုက်ခိုက်မှုများ၊ ဘူးသီးတောင်၊ မောင်တောဒေသများ အတွင်း ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်းများနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားနေစဉ် ကလည်း ရခိုင်ဒေသခံများကို AA မှ လာရောက် ကာကွယ်ခြင်း မရှိ ဟူသည့် ဝါဒဖြန့် လှုံ့ဆော် ပြောဆို ရေးသားမှုများ လူမှုကွန်ရက်များတွင် အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာ၌ အောက်တိုဘာ လ ၂၀ ရက်က စင်္ကာပူအခြေစိုက် ISEAS-Yusof Ishak Institute မှ ကျင်းပသည့် The Rohingya Crisis: Background and Security Aspects ဆွေးနွေးပွဲမှ အတွေ့အကြုံများဟု ရေးသားထားသည့် စာများတွင် AA အကြောင်းကိုလည်း ထည့် သွင်း ရေးသားထားသည်ကို တွေ့ရသည်။
အောက်တိုဘာလ၂၅ ရက်တွင်လည်း ဦးရဲထွဋ်က “AA ရခိုင် တိုင်းရင်းသားတွေအတွက် လှုပ်ရှားတယ်လို့ ပြောပေမယ့် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ARSA အဖွဲ့က ရခိုင်တိုင်းရင်းသား ရွာတွေကို တိုက်ခိုက်တဲ့အပေါ် တုံ့ပြန် ဆောင်ရွက်မှု မရှိဘူး။ ဒါပေမယ့် တပ်မတော် တပ်ဖွဲ့တွေက ARSA အကြမ်းဖက်အဖွဲ့ကို လိုက်လံ ရှင်းလင်းနေတာကို အခွင့်ကောင်းယူပြီး ၂၀၁၇၊ သြဂုတ်လ ၃၁ရက်နေ့မှာ တပ်မတော်စစ်ကြောင်း တခုကို ချုံခို တိုက်ခိုက်ခဲ့တယ်” ဟု ရေးသားထားသည်။
AA အပေါ် ဝေဖန်ခံရမှုများနှင့် ပတ်သက်၍ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ကျနော်တို့ကို ကုလားပြဿနာနဲ့ နိုင်ငံရေး သတ်ကွင်း ထောင်ချောက်ထဲကို အမြဲတမ်း ဆွဲခေါ်နေတယ်။ ရက္ခိုင့် တပ်မတော်ကို ထူထောင်ထားတာက ရခိုင်တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ဆိုပြီး ရခိုင်လူမျိုးတွေကို ကတိသစ္စာပြုထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ သူတို့က ကုလားပြဿနာ ဖြစ်လာတိုင်း ရက္ခိုင့်တပ်မတော်ကို ဝင်ပါလာဖို့၊ ဝင်ပါလာပြီး သံတမန်ရေး ထောင်ချောက်နဲ့ ကမ္ဘာ့အန်ဖတ်ထဲမှာ မျောသွား အောင် ထောင်ချောက် ဆင်နေတယ်” ဟု လည်း ပြောသည်။
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် တချိန်တည်းတွင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ရှိ AA တပ်မဟာ (၃) အခြေစိုက်ထားသည့် နေရာများတွင်လည်း တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားကာ ပစ်ခတ်မှုများ စတင်ဖြစ်ပွားသည်။
တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်က ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်ကို အကြောင်းပြပြီး AA တပ်ဖွဲ့များ ရှိရာ ပလက်ဝ နယ်မြေအတွင်း အများအပြား ဝင်ရောက်ကာ ထိုးစစ်ဆင်နေသည်ဟု AA ဘက်က ပြောဆိုထားသည်။
နိုဝင်ဘာလတွင် တိုက်ပွဲများ ပြင်းထန်လာပြီး တိုက်ပွဲများအတွင်း ချင်းတိုင်းရင်းသား ကျောင်းသားတဦး သေဆုံးကာ အမျိုးသမီးကြီး ၃ဦး လက်နက်ကြီးကျည် ထိမှန်၍ နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁၅၀၀ ကျော် ရှိနေသည်။
ချင်းတိုင်းရင်းသား ဒေသခံများ ထိခိုက်သေဆုံးမှု ဖြစ်ပွားပြီးနောက်တွင် ချင်းပြည်နယ် အစိုးရအဖွဲ့က သတင်း ထုတ်ပြန်ချက် တချို့တွင် AA ကို AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟု သုံးနှုန်းရေးသားခဲ့သည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ ရခိုင်လူမျိုးများ ဒေါသရှေ့ထားပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ချင်း လူမျိုးများကို အပြော အဆို အရေးအသားများဖြင့် မတိုက်ခိုက်ကြရန် သတိထားကြပါဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။
“ပလက်ဝဒေသ ပြဿနာကြောင့် ရခိုင်ပြည်မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေအနေနဲ့ စိုးရိမ်သောက မဖြစ်ကြပါနဲ့။ ကျနော်တို့ လုံးဝ ဆွေမျိုးရင်းချာတွေလို အကာကွယ် ပေးပါမယ်။ ရခိုင်လူမျိုးတွေ အနေနဲ့လည်း မှန်ကန်တဲ့ အတွေးအခေါ် အယူတွေနဲ့ ဒီကိစ္စကို မပေါ့ဆကြဖို့ သတိပြုဖို့ သတိထားကြဖို့ ကျနော် တိုက်တွန်းအပ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
AA ကို ထောက်ခံပြီး ရခိုင် လက်နက်ကိုင် အခြားအဖွဲ့အစည်းများကို လူမှုကွန်ရက်များတွင် တိုက်ခိုက် ရေးသားခြင်းများ မပြုလုပ်ရန်လည်း ပြောသည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်တိုင်းရင်းသားများကို ပြောသည့် မိန့်ခွန်းတွင် ရခိုင်ပြည်နယ်ကို ရခိုင်သူ ရခိုင်သား တို့၏ တိုင်းပြည်၊ ရခိုင်နိုင်ငံသား ၊ တိုင်းပြည်နှင့် လူမျိုး တနေ့နေ့ လွတ်လပ်ရန်၊ ဗမာစစ်တပ်၊ ဗမာ အင်ပါယာ ဟူသည့် စကားလုံး များကို သုံးနှုန်းပြောဆိုသွားပြီး ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်လူမျိုး တို့၏ အိပ်မက်ကို အကောင်အထည်ဖော်ရန် အတွက် အမျိုးသားရေး လှုပ်ရှားမှုများကို အချင်းချင်း ချိတ်ဆက်ကာ ပီပြင်အောင် ပုံဖော်ရန်လည်း တပ်လှန့်နှိုးဆော် တိုက်တွန်းပါ သည် ဟု ပြောဆိုထားသည်။
AA သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။
တပ်မတော်က AA ကို ဒီမိုကရေစီအစိုးရ လက်ထက်မှ ပေါ်ပေါက်လာပြီး အစိုးရနှင့် တပ်မတော်ကို တိုက်ခိုက်သဖြင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ဟု သတ်မှတ်ကာ ငြိမ်းချမ်းရေးခေါ်ယူ ဆွေးနွေးမည် မဟုတ်ဟု ပြောဆိုထားသည်။
အစိုးရနှင့် FPNCC ကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန် ကလည်း ကြားဝင် ညှိနှိုင်းပေးလျက် ရှိသည်။