ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာမှ တောင်သူများ လုပ်ကိုင် စားသောက်နေသော တောင်ယာစိုက်ခင်း ဧက ၂၀၀ ကို သိမ်းဆည်း၍ တပ်မတော်က ဆင်တောင်ဂေါက်ကွင်း ကို ချဲ့ရန် ပြင်ဆင်နေခြင်းကြောင့် အခက်အခဲများ ကြုံနေကြောင်း ဒေသခံ ထံက သိရသည်။
ခေးခမ်းကျေးရွာမှ တောင်သူ စိုင်းထွန်းလူက “ အခုက သူတို့ ဘတ်ဖိုးကားနဲ့ လာထိုးပြီး မြေညှိနေတယ်။ လာထိုးနေတာ ၂ ရက်ကျော်ပြီး အခုသူတို့က ဂေါက်ကွင်းကို ဆက်လုပ်မယ်လို့ ပြောနေတာ အရင်တုန်းက ၂၀၀၈ တုန်းက သူတို့ သိမ်းထားတာ ဧက ၂၀၀ ရှိပြီ။ အခု ကျနော်တို့က ဂေါက်ကွင်းပတ်လည်မှာ ကျန်တဲ့ မြေဧကထဲမှာ ရွာသူရွာသားတွေက လုပ်ကိုင် စားနေရတယ်။ ဒါကို ထပ်သိမ်းမယ်လုပ်နေတာ ဒါကို အကူအညီ တောင်းတာ တနှစ်ပြီးတော့ တနှစ် ဘယ်အကူအညီမှ မရဘူး။ဒီနေရာကို သိမ်းသွားရင် ကျနော်တို့ လုပ်ကိုင် စားသောက်ဖို့ နေရာမရှိတော့ဘူး။ တခြား နေရာတွေကလည်း တခြားဝန်းနေရာတွေ သူများ အကွက်နေရာ ဝင်သွားပြီ”ဟု ပြောသည်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ သံချပ်ကာ တပ်ရင်း ၇၀၀၅ သည် ခေးခမ်းကျေးရွာမှ တောင်ယာ ဧက ၄၀၀ ရှိသည့်အနက် ဧက ၂၀၀ ကို ၂၀၀၈ ခုနှစ်က သိမ်းဆည်းကာ ဆင်တောင်ဂေါက်ကွင်း( ဆင်တောင် ဂေါက်ဂလပ်)ကို တည်ဆောက်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ဒီဇင်ဘာ ၆ ရက်နေ့စ၍ ကျန် ဧက ၂၀၀ ကိုပါ ဂေါက်ကွင်းထပ်မံချဲ့ထွင်မည်ဟု ဆိုကာ မြေညှိမှုများ ပြုလုပ်နေပြီး ခြံစည်းရိုးခတ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သိရသည်။
တပ်မတော်က ထိုကဲ့သို့ ပြုလုပ်နေသော်လည်း ယင်းမြေပေါ်တွင် ပြောင်းနှင့် စပါး စိုက်ပျိုးလုပ်ကိုင်နေသည့် ဒေသခံ တောင်သူများအား နစ်နာကြေး သို့မဟုတ် မြေအစား ပြန်လည် ပေးအပ် ခြင်း မရှိကြောင်း၊ တောင်သူများမှာလည်း ဥပဒေအရ လယ်ယာမြေ ပိုင်ဆိုင်မှု အထောက်အထားများ မရှိကြောင်း သိရသည်။
လားရှိုးမြို့နယ် အမှတ် ၃ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက “တောင်သူတွေက လက်ရှိ ဥပဒေအရ ဘာမှ ပိုင်ဆိုင်မှုမပြနိုင်ပေမယ့်လည်း တောင်သူတွေရဲ့အားနည်းချက် မဟုတ်ပါဘူး။ အဓိက အရင်အစိုးရအဆက်ဆက်က အားနည်းချက်တွေဖြစ်တယ်။ တောင်သူတွေဟာ ဒီမြေ ဒီရွာမှာ နေလာတာ နှစ်ပေါင်း မနည်းတော့ပါဘူး ။ သူတို့က ဒီရွာမှာနေတော့ သူတို့နဲ့ ကပ်လျက်က မြေတွေဟာ သူတို့ပိုင်ဆိုင်ကြောင်း ငြင်းဆန်လို့ မရပါဘူး။ ကျနော်တို့ နိုင်ငံက ဒီမိုကရေစီကို သွားနေတဲ့ကာလဖြစ်တယ်။ ပြည်သူကို ဗဟိုပြုတဲ့ အစိုးရ ဖြစ်ပေါ်လာဖို့ အတွက် အားလုံး က အဖက်ဖက်ကနေ ဝိုင်းဝန်း ကြိုးစားနေတဲ့ အချိန်မှာ ဒါမျိုး မဖြစ်သင့်ဘူး”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လားရှိုးခရိုင် လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေးကော်မတီ၏ တာဝန်ရှိသူလည်းဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ဂေါက်ကွင်း တိုးချဲ့မှု မလုပ်သင့်ကြောင်း၊ တောင်သူများကို ပြန်လည်စွန့်လွတ်ပေးသင့်ကြောင်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ဆုံးဖြတ်ခဲ့ပြီး ပြည်နယ်သို့ တင်ပြထားသော်လည်း ယနေ့ ဒီဇင်ဘာ ၈ ရက် ထိ တစုံတရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း ရှင်းပြသည်။