ခွဲစိတ် ကုသမှု ခံယူခဲ့ရသော သမ္မတ ဦးထင်ကျော်၏ ကျန်းမာရေး စိုးရိမ်စရာ မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့က နေပြည်တော်တွင် ပြောသည်။
နေပြည်တော် MICC – 2 တွင် ဒီဇင်ဘာ ၈ ရက်ကကျင်းပသည့် ၂၀၁၇ ခုနှစ် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး နှီးနှော ဖလှယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် တဦး၏ အမေးကို ပြန်လည် ဖြေကြားခြင်း ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်က “စိုးရိမ်စရာ မရှိပါဘူး။ ဒီမှာ သမ္မတကြီးကတော် ရှိတယ်။ ပြုစုစောင့်ရှာက်ဖို့။ ဒီလောက် ပြုစု စောင့်ရှောက်ဖို့ တယောက် ရှိနေမှတော့ ဘာစိုးရိမ်နေရမှာတုန်း”ဟု ပြောသည်။ ထိုသို့ ပြန်လည် ဖြေကြားချိန်တွင် ၎င်း၏ အနီးတွင် သမ္မတ ကတော် ဒေါ်စုစုလွင်လည်း ရှိနေသည်။
သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေး စစ်ဆေးမှု ခံယူရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စက်တင်ဘာလ အတွင်းက သွားရောက်ခဲ့ရပြီး အူလမ်းကြောင်း ဆိုင်ရာ ရောဂါ စစ်ဆေး တွေ့ရှိရ၍ ခွဲစိတ် ကုသမှုခံယူ ခဲ့ရကြောင်း သိရသည်။
နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ရန်ကုန်မြို့မှ ဒေါက်တာ ရန်မျိုးသိမ်းကမူ ပြည်သူလူထုကြားတွင် ပျံ့နှံ့နေသည့် သမ္မတ ဦးထင်ကျော်၏ ကျန်းမာရေးနှင့် အခြေအနေနှင့် ပတ်သက်၍ မီဒီယာ၏ မေးမြန်းမှုကို ဖြေကြားရုံတင် မကဘဲ တရားဝင် သတင်း ထုတ်ပြန်ပေးသင့်ကြောင်း ပြောဆိုသည်။
သမ္မတ ဦးထင်ကျော်သည် NLD အစိုးရ ဖွဲ့စည်း၍ သမ္မတ တာဝန်ယူခါစ အခြေအနေနှင့် မတူသည်မှာ သိသိသာသာ ပိန်ကျသွားခြင်း ဖြစ်၍ ၎င်း၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြည်သူတချို့က စိတ်ပူကြောင်း လူမှုကွန်ရက်များတွင် ရေးသား မှုများလည်း ရှိခဲ့သည်။
သမ္မတ ဦးထင်ကျော်နှင့် နီးစပ်မှုရှိသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးဝင်းထိန်က“သမ္မတကြီးက နေကောင်းတယ်။ နေကောင်းတယ်လို့ ပြောရင် ဘာလို့ စဉ်းစားရမှာတုန်း။ မင်္ဂလာ မရှိတဲ့ အတွေးကို မတွေးဘူး။ ကျန်းမာရေး က ကောင်းတယ်။ စိုးရိမ်စရာမရှိပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
သမ္မတ ဦးထင်ကျော်အနေဖြင့် ကျန်းမာရေးအရ အနားယူရမည် ဆိုပါကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် မည်သို့ ဆောင်ရွက်ရမည်ကို အတိအလင်း ဖော်ပြထား၍ တိုင်းပြည်တွင် မည်သည့်ပြဿနာမျှ မရှိနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ဟောင်း လှဌေးဝင်း ကလည်း ပြောဆိုသည်။
“ဖွဲ့စည်းပုံအတိုင်း သွားမယ်ဆိုရင် ဒုသမ္မတ(၁) က တက်ပြီးတော့ ခေတ္တပေါ့။ သမ္မတအနေနဲ့ တာဝန် ခဏ ယူထားရမယ်။ ပြီးရင် သူ့ ကာလ သတ်မှတ်ချက် အပြီးမှာ ပြန်ရွေးရမှာပေါ့။ ဒုသမ္မတ တယောက် ပြန်ရွေးရမယ်။ ရွေးပြီးတော့မှ ဒုသမ္မတ ၃ ယောက်ထဲမှ ၁ယောက်က သမ္မတ ဖြစ်မှာပါ”ဟုလည်း ၎င်းက ရှင်းပြသည်။
မကြာမီကာလအတွင်း သမ္မတ ဦးထင်ကျော်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ တိုကျိုမြို့တွင် ကျင်းပမည့် Universal Health Coverage (UHC) Forum 2017 သို့ တက်ရောက်ရန်နှင့် ၂ နိုင်ငံ ဆက်ဆံ ရေး မြှင့်တင်ရန် ဂျပန်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံးက တရားဝင် သတင်း ထုတ်ပြန်ထားသည်။
မိုးမိုး ပူးပေါင်းရေးသားသည်။