ပညာရေးကဏ္ဍတွင် ကျောင်းဆရာအရေအတွက် နည်းပါးနေသဖြင့် အမျိုးသားများ တက်တက်ကြွကြွ ပါဝင်လာစေရန် အတွက် နိုင်ငံတော်၏ အတိုင်ပင် ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ဒီဇင်ဘာ ၈ ရက်နေ့က နေပြည်တော်ရှိ MICC 2 တွင် ပြုလုပ်သည့် ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲ အခြေခံ ပညာ ကဏ္ဍ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ အခြေခံပညာကို အလေးထားခြင်းသည် နိုင်ငံတော်၏ အနာဂတ်နှင့် နိုင်ငံသားများ အားလုံး အနာဂတ်ဖြစ်ကြောင်းကို ကျောင်းဆရာ၊ ဆရာမများ အထူးသဖြင့် သတိပြုစေလိုပါတယ်။ ဒါကြောင့် အမျိုးသားတွေ ပါဝင်ပြီးတော့ ကျမတို့ နိုင်ငံမှာ၊ ကမ္ဘာ့ နိုင်ငံမှာ ပွဲလယ်တင့်အောင်လို့ လုပ်ကျွေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်” ဟု ပြောသည်။
တနိုင်ငံလုံးတွင် ကျောင်းဆရာမ အရေအတွက် ၈၀ ရာခိုင်နှုန်းရှိပြီး၊ ကျောင်းဆရာ အရေအတွက်မှာ ၂၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ကျောင်းဆရာ အရေ အတွက် နည်းပါးနေရခြင်းမှာ ကျောင်းသားများ သည် အလယ်တန်းနှင့် အထက်တန်းရောက်သည့် အခါတွင် ကျောင်းထွက်သွားခြင်းကြောင့် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက “ ဘာကြောင့် ကျောင်းသားတွေ ကျောင်းထွက်ရတာလဲ လေ့လာ ဆန်းစစ်သွားမယ်။ ဆန်းစစ်ချက်အရ လေ့လာတွေ့ရှိပါက ကျောင်းသားတွေကို စည်းရုံး ဆောင်ရွက်မှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။
သို့ဖြစ်ရာ ကျောင်းသားများ ကျောင်းထွက်နှုန်း လျော့ကျစေရန် အတွက် အဓိက နည်းလမ်းမှာ စာဖတ်စွမ်းရည် အလေ့ အကျင့်များ၊ ဟောပြောပွဲများ၊ အားကစားပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းပျော် ကလေးများဖြစ်အောင် ဖန်တီး၍ ရနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူက “အများအားဖြင့် ကျမ သတိပြုမိတာက ယောင်္ကျားလေးတွေက အလွတ် မကျက်ချင်ဘူး၊ သူတို့ အတွက် အဓိပ္ပာယ် မရှိဘူး။ သူတို့ အတွက် အဓိပ္ပာယ် မရှိတာကို ထပ်တလဲလဲ ကျက်နေရတာကို စိတ်မပါဘူး” ဟု သုံးသပ်သည်။