ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ယူပေးထားသည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အသစ်သည် ၎င်းစတင် တာဝန်ယူသည့်နေ့မှစ၍ အဂတိ လိုက်စားမှု အမှု ၃၀ ခန့်ကို စတင် စစ်ဆေးလျက်ရှိရာ အများစုမှာ အစိုးရဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးသည့် အမှုများဖြစ်ကြောင်း သတင်းရရှိသည်။
အထက်ပါ ကော်မရှင်မှ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ညွှန့်က “ပြောရရင် ဝန်ထမ်းများနဲ့ ပတ်သက်တယ်။ ဝန်ထမ်းများဟာ သက်ဆိုင်ရာ က မိမိလုပ်ပိုင်ခွင့် အာဏာအပေါ်မှာ ပြည်သူလူထုအပေါ်မှာ ၎င်းတို့အနေနဲ့ လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုတွေ ပြုခဲ့တယ်ဆို တဲ့ အချက်ပဲဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ဒီဇင်ဘာလ ၈ ရက်နေ့က ပြောသည်။
ကော်မရှင်အဟောင်းထံမှ အမှု ၈၀ ကျော် လက်ခံရရှိခဲ့ပြီး ကော်မရှင်အသစ် တာဝန်ယူသည့် နိုဝင်ဘာလ ၂၃ ရက်နေ့ နောက်ပိုင်းတွင် တိုင်ကြားမှု ၂၀ ခန့် အသစ် ထပ်မံ ရောက်ရှိလာကြောင်း၊ ကော်မရှင်အသစ် အနေဖြင့် ဌာနအလိုက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စီမံချက်များ ရေးဆွဲခြင်း၊ ပုဂ္ဂလိက ကဏ္ဍတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံချက်များ ရေးဆွဲခြင်းနှင့် အခြေခံပညာ ကျောင်းများ မှစ၍ တက္ကသိုလ်ကျောင်းများ၊ လုပ်ငန်းဝင်ခွင့်များအထိ အဂတိလိုက်စားမှုများဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ထည့်သွင်းရန် ရှိကြောင်း သိရသည်။
အဂတိလိုက်စားမှုနဲ့ ပက်သက်ပြီး တိုင်ကြားမှသာ အရေးယူနိုင်မည့် အခြေအနေရှိကြောင်း၊ ကွင်းဆင်းပြီး စစ်ဆေးပါဆိုသည့် ဥပဒေ ပြဌာန်းချက်မျိုး မရှိကြောင်း၊ တိုင်ကြားစာများ ပေးပို့ရာတွင်လည်း ကော်မရှင်သို့ တိုက်ရိုက်လိပ်မှု တိုင်ကြားရမည်ဖြစ်၍ မိတ္တူပေးပို့ပါက အကျိုးမရှိနိုင်ကြောင်းလည်း ကော်မရှင် အဖွဲ့ဝင် ဖြစ်သူ ဦးဟန်ညွှန့်က ပြောသည်။
“တိုင်ကြားသူရဲ့ နာမည်၊ လက်မှတ်၊ နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ ဆက်သွယ်ဖို့လိပ်စာအပြည့်အစုံ၊ ဖုန်းနံပတ်တွေပါရမယ်။ နောက်တခါ အရေးကြီးတဲ့ သက်သေခံချက်တွေ ဖြစ်တဲ့ မျက်မြင်သက်သေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံ၊ အသံဖိုင်၊ ဗီဒီယိုဖိုင် စတာတွေပါရမယ်။ အဲဒါတွေ မပါရင် ကျနော်တို့ အနေနဲ့ ဆောင်ရွက်လို့ မရပါဘူး”ဟု ၎င်းက ပြောသည်။
တိုင်စာပို့မှ အရေးယူမည်ဆိုသည့် ဥပဒေ ပြဌာန်းချက်ကြီးမှာ တိုင်းပြည်တွင် အမြစ်တွယ်နေသည့် အဂတိ လိုက်စားမှုကို တိုက်ဖျက်ရန် ရည်ရွယ်ချက်ကို လွဲချော်စေကြောင်း၊ ထို့ကြောင့် လွှတ်တော် အနေဖြင့် အဂတိတိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို အလျင်အမြန် ပြင်ဆင်နိုင်ရန် လိုအပ်ပြီး စုံစမ်းစစ်ဆေးပြီး အရေးယူနိုင်သည့် အခွင့်အရေး ကော်မရှင်တွင် ရှိသင့်ကြောင်း ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
“အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ တနိုင်ငံလုံးမှာ ဆောင်ရွက်မယ်ဆိုတာကို အများ ပြည်သူကို ချပြဖို့ လိုအပ်တယ်။ အဂတိလိုက်စားမှုဆိုတာ အများပြည်သူနဲ့ ဆက်စပ်နေတာမို့လို့ ပြည်သူကို အသိပေးရမယ်။ အဲဒီလိုဆောင်ရွက်မှ အများပြည်သူရဲ့ ယုံကြည်မှုကို ရမယ်။ အဲဒါမှ လုပ်ငန်းက ပိုအောင်မြင်လိမ့်မယ်”ဟု ၎င်းက ပြောသည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ဥပဒေထဲတွင် ဥက္ကဋ္ဌသို့ လိပ်မူ၍ တိုင်ရမည်ဟု မပါကြောင်း၊ မိတ္တူ သဘောမှာ အလေးအနက် မထားဘူးဟု ထင်ကြကြောင်း၊ အမှန်မှာ အဂတိလိုက်စားမှုကို သိရုံဖြင့် အရေးယူခွင့်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ဥပဒေမှာက အဂတိလိုက်စားမှုကို သိတာနဲ့ လုပ်ရမှာ။ အရေးယူရမှာ။ မိတ္တူပေးလို့ အရေးမယူဘူးဆိုတာတော့ လုပ်လို့မရပါဘူး။ ဥပဒေမှာ မရှိဘူး။ မိတ္တူပဲတိုင်လို့ မစစ်ဘူးဆို တာတော့ မဖြစ်သင့်ဘူး”ဟု ၎င်းက ပြောသည်။
နိုင်ငံတွင် အဂတိလိုက်စားမှုများကို အရေးယူရန် ဝန်ထမ်းစည်းမျဉ်း ဥပဒေများ၊ အစိုးရအဖွဲ့ ဥပဒေများ ရှိသော်လည်း လက်တွေ့တွင် အရေးယူမှုများ မရှိသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ကော်မရှင်ကို ဘေးတွင် အရန်ထားရခြင်း ဖြစ်ကြောင်းလည်း ဦးနေမျိုးထွန်းက သုံးသပ်သည်။
လက်ရှိပြဌာန်းထားတဲ့ ဥပဒေပြဌာန်းချက်များသည် လက်တွေ့ အရေးယူဆောင်ရွက်ရာတွင် တခါတရံ ကွဲလွဲမှုရှိနိုင်၍ ထိထိ ရောက်ရောက် လုပ်ကိုင်နိုင်ရန် လက်ရှိဥပဒေ၏ အားနည်းချက်၊ ချို့ယွင်းချက်နှင့် ပြုပြင်စရာ ရှိသည်များကို လေ့လာ၍ စာတမ်းပြု စုမည် ဖြစ်ကြောင်း၊ ကော်မရှင်ဟောင်းက ဆောင်ရွက်ချက်များ၊ အတွေ့အကြုံများ၊ အစဉ်အလာများနှင့် ချို့ယွင်းအားနည်းချက်များကို အကုန်လွှဲပြောင်းပေးခဲ့သည်ဟု ကော်မရှင်ထံမှ သိရသည်။
လူအသစ်များဖြင့် ဖွဲ့စည်းထားသည့် ကော်မရှင်ကို လုပ်ငန်း ကော်မတီ ၆ ခု ဖြစ်သည့် မူဝါဒ၊ နိုင်ငံတကာ၊ ဥပဒေ၊ တိုင်ကြားစာ၊ ဝန်ထမ်းရေးရာ၊ ပြန်ကြားရေး ကော်မတီတို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့ဖြင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။