ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၌ ယခုရက်ပိုင်းအတွင်း တပ်မတော်၊ မန်ပန်ပြည်သူ့စစ်နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ စစ်ကြောင်းများ အရှိန်မြင့်လာ၍ ဒေသခံများက တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။
နမ့်ပေါင်တိုက်နယ်ဒေသ၊ နားနန်းကျေးရွာအုပ်စုအတွင်းရှိ ပလောင် ကျေးရွာများတွင် ဒီဇင်ဘာလ ဒုတိယပတ်ကစ၍ အင်အား ၁၅၀ ခန့်ရှိ TNLA တပ်များ ဝင်ရောက်လှုပ်ရှားမှု ရှိလာသလို တပ်မတော် တပ်ရင်းတခုနှင့် မန်ပန်ပြည်သူ့စစ် အဖွဲ့များလည်း ဒီဇင်ဘာ ၁၁ ရက်နေ့ကစ၍ ထိုဒေသတွင် လှုပ်ရှားလာသည်ကို တွေ့ရသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နမ့်ပေါင်ဒေသခံ စိုင်းအောင်ခေး က “သူတို့ (TNLA) ရောက်လာ တယ်။ နမ့်ပေါင်တိုက်နယ်။ နားနန်းအုပ်စု၊ လွယ်ကန်ရွာပေါ့။ ဒီနေ့ (ဒီဇင်ဘာ ၁၁ ရက်) မနက်က တပ်မတော်နဲ့ ပြည်သူ့စစ် ပူးပေါင်းပြီးတော့ ကားနှစ်စီး တက်သွားတယ် လို့တော့ ကြားရတာပေါ့။ တခု ကျနော်တို့ စိုးရိမ်မိတာက သူတို့ အချင်းချင်း ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်မှာ ဒါကို စိုးရိမ်ရတာ”ဟု ဧရာဝတီသို့ ပြောသည်။
TNLA အဖွဲ့သည် နားနန်းကျေးရွာအုပ်စု လွယ်ကန်ကျေးရွာနှင့် နားနန်းကျေးရွာ၊ နားဆာကျေးရွာတို့အတွင်း ဝင်ထွက် သွားလာမှုများ ပြုလုပ်ကာ လူသစ်စုဆောင်းမှု တချို့ပြုလုပ်နေခြင်းကြောင့် အမျိုးသား အများစုသည် နမ့်ပေါင်တိုက်နယ် ဒေသဘက်သို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပြီး အမျိုးသမီးနှင့် အဘွား အိုများမှာ ရွာစောင့်၊ အိမ်စောင့်အဖြစ် ကျန်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
လားရှိုးမြို့နယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက “နားနန်းဆိုတဲ့ ကျေးရွာအုပ်စုထဲ TNLA ရောက်တယ် ဆိုပြီးတော့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေ သွားနေတယ်။ ပြည်သူတချို့လည်း ထွက်ပြေး တိမ်းရှောင်နေကြတယ်။ နမ့်ပေါင် ဘက်ကိုလေ။ အဲ့လို အခြေအနေဖြစ်ရင် တော်တော်ရှုပ်တယ်ဗျာ။ တိုက်ရင်တော့ ပြည်သူတွေ ဒုက္ခ ရောက်ကုန် တော့မယ်”ဟု ဧရာဝတီသို့ ပြောသည်။
စိုင်းအောင်ခေး ကလည်း “တိုက်ပွဲဖြစ်မှာဆိုးလို့ အဓိက ပြည်သူလူထုပေါ့။ တချို့ကတော့ နမ့်ပေါင်ဘက်ကို ပြေးဆင်း လာတယ်။ အဓိက ယောကျာ်းပေါ့။ မိန်းကလေးတို့ အဘွားကြီးတို့ကတော့ ရွာစောင့် အိမ်စောင့် ပေါ့နော်။ အခု လက်ရှိ အခြေအနေကတော့ နားနန်းအုပ်စုထဲက နားဆာကျေးရွာ၊ လူသစ်စု ဆောင်းတာလည်း လုပ်တယ်။ ပလောင် လူမျိုးတွေက အဓိက ခေါ်သွားတယ် ၃ ယောက်လောက်ပါသွားတယ်” ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး TNLA ဘက်မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသည့်အတွက် တစုံတရာ မသိရပေ။
တပ်မတော်နှင့် TNLA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး စသည့် မြို့နယ်များအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စု အတွင်း TNLA အဖွဲ့မှ ဝင်ရောက်လှုပ်ရှား၍ ထိန်းချုပ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) နှင့် TNLA တို့အကြား တိုက်ပွဲ ဖြစ်ခဲ့သေးသည်။