ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ယမန်နေ့ ညနေပိုင်းက ၃ လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ရာမှ လူသတ်တရားခံ သန်းဇော်ဆိုသူမှာ ထွက်ပြေးလွတ်မြောက် နေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပိတ်ဆို့ရှာဖွေနေကြောင်း သတင်းရရှိသည်။
“လင်မယားချင်းရန်ဖြစ်တာကနေစပြီး လူသတ်မှုဖြစ်သွားတာပေါ့။ အခင်းဖြစ်ပြီးတာနဲ့ သန်းဇော်ဟာ ထွက်ပြေးတိမ်းရှောင်နေလို့ ဒုတိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် မြောင်းမြမြို့ကို ဆင်းသွားပြီး မြောင်းမြခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ တရားခံ ဖမ်းဆီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်နေပါတယ်။ အခုလက်ရှိ လူသတ်တရားခံ ထွက်ပြေးနိုင်တဲ့ လမ်းကြောင်းတွေ အကုန်လုံး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်နေ ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။
တောင်ကလေးကျေးရွာနေ သန်းဇော်မှာ ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ဇနီးဖြစ်သူ မတင်တင်စန်းနှင့် စကားများပြီး ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း၊ နေအိမ်တွင် လာရောက် ဆော့ကစား နေသည့် တူဖြစ်သူ လင်းလင်းထိုက်ကိုလည်း ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့သည်။
ထို့နောက် လင်မယား စကားများသည်ကို ဖြန်ဖြေရန် လာရောက်သည့် မတင်တင်စန်း၏မိခင် ဒေါ်ခင်ရီကို ဓားဖြင့်ခုတ်၍ ထပ်မံသတ်ဖြတ်ကာ ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လှိုင်တင့် ဦးစီး၍ တရားခံကို ပိတ်ဆို့ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
သန်းဇော်၏ သတ်ဖြတ်မှုကြောင့် အသက် ၃၃ နှစ်ရှိ ဇနီးဖြစ်သူ မတင်တင်စန်း၊ အသက် ၁၀ နှစ်ရှိ တူဖြစ်သူ မောင်လင်းလင်းထိုက်နှင့် အသက် ၆၀ နှစ်ရှိ ယောက္ခမဖြစ်သူ ဒေါ်ခင်ရီ တို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့ပြင် ဓားဖြင့်ခုတ်နေသည်ကို တားဆီးရန်ကြိုးစားသည့် သန်းဇော်၏ မရီးဖြစ်သူ မစန္ဒာဦးကိုလည်း ဓားဖြင့်ခုတ်သည့် အတွက် ဦးခေါင်းတွင်ပြတ်ရှဒဏ်ရာ ၂ ချက် ရရှိခဲ့သဖြင့် မြောင်းမြပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသမှု ခံယူနေရကြောင်း သိရသည်။
“တရားခံ သန်းဇော်က သွေးပူတုန်းဆိုတော့ ကြောက်လန့်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့သဘောပါ။ တကယ်တမ်း အစာငတ်၊ ရေငတ်ဖြစ်လာရင် သူကြာရှည် မပုန်းနိုင်ပါဘူး။ ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ကတော့ မြောင်းမြခရိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့အင်အားတွေသုံးပြီး သူထွက်ပြေးနိုင်တဲ့လမ်းကြောင်းတွေကို လိုက်နေသလို ထွက်ပေါက်လမ်းတွေကိုလည်း ပိတ်ဆို့ပြီး ရှာနေပါတယ်။ မကြာခင် ဖမ်းဆီးနိုင်မှာ ပါ”ဟု ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
အဆိုပါ အမှုကို မစန္ဒာဦးက တရားလိုပြုလုပ်တိုင်တန်းသည့်အတွက် မြောင်းမြမြို့မရဲစခန်းက ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၂၆ (ပြင်းထန်ဒဏ်ရာရရှိအောင်ပြုလုပ်မှု) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ ခိုင်ရွှေဝါကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့က လင်မယားချင်း စကားများပြီး ဇနီးဖြစ်သူနှင့် ဇနီးဘက်မှ ပါလာသည့် သမီး ၃ ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် လေးလောင်းပြိုင် လူသတ်မှု၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က လည်း မအူပင်မြို့နယ်၊ တလုပ်လက်အနောက် ၄ မိုင် ကျေးရွာတွင် ငါးကန်လုပ်သား ၂ ဦးအား ကန်နီးချင်း ဖြစ်သူမှ ကိုင်းခုတ်ဓားဖြင့် ခုတ်ထစ်၍ ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ လူသတ်မှုများ အတွက် တရားခံများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သည်။