သတင်း

NCA ထိုးရန် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်တို့နှင့် UNFC ထိပ်တိုက်ဆွေးနွေးလို

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးနိုင်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ဖြင့် ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ သတင်း ထုတ်ပြန်လိုက်သည်။

UNFC တပ်ပေါင်းစုက ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် အစိုးရတို့ အကြား NCA ထိုးနိုင်ရန် ၁၇ လ အကြာ နှစ်ဘက် တရားဝင်ဆွေးညှိနှိုင်းမှု ရပ်တန့်သွားပြီးနောက် တစ်ဆို့နေသည့် အချက်ကို ခေါင်းဆောင် ၂ ဦးနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ရန် UNFC က ကြိုးပမ်းလာခြင်း ဖြစ်သည်။

UNFC ၏ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “ပိတ်ဆို့တဲ့ အပိုင်းကို ခေါင်းဆောင်တွေ တွေ့တဲ့ အခါကျရင် ပိုပြီးတော့ ပွင့်လင်းမြင်သာမှု ရှိမယ်။ ပိုပြီးတော့ ပြတ်ပြတ်သားသား ပြောမယ်။ တိတိကျကျ ပြောမယ်ဆိုရင် ဒါကို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ သဘောထားကြောင့် မလို့ပေါ့နော်။ ခေါင်းဆောင်များ တွေ့တော့ ပိုကောင်းတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား တွေ့ဆုံ နိုင်ရေးအတွက် UNFC က ဒီဇင်ဘာ ၁၀ ရက် ငြိမ်းချမ်းရေးကော်မရှင်(PC)မှ တဆင့် စာပေးပို့ထားပြီး ဖြစ်ကြောင်း၊ စာထဲတွင် မည်သည့် နေ့ရက်တွင် တွေ့ဆုံရန် တိတိကျကျ မပြောထားသော်လည်း စာပို့သည့် ရက်မှ ၁၀ ရက်အတွင်း အကြောင်း ပြန်ကြားပေးရန် တောင်းဆိုထားကြောင်း သိရသည်။

UNFC က ပေးပို့ထားသော တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းစာနှင့်ပတ်သက်၍ အစိုးရ၏ PC အဖွဲ့ဝင် ဦးအောင်စိုး က “ကျနော်တို့ ခေါင်းဆောင်တွေဆီ သတင်း ရောက်ကောင်း၊ ရောက် နေမှာပါ။ ကျနော်က အတိအကျ မသိသေး တော့ ဘာအစီအစဉ် ဘယ်လို ရှိတယ်ဆိုတာ မပြောနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရနှင့် အပစ်ရပ်လက်မှတ် ရေးထိုးနိုင်ရန်အတွက် NCA စာချုပ်၌ ဖြည့်စွက်ပေးရန် UNFC က အဆိုပြုခဲ့သော အချက် ၉ ချက် အပေါ် အစိုးရနှင့် DPN တို့အကြား ဆွေးနွေးလာခဲ့ရာ NCA စာချုပ်တွင် ပါရှိပြီးဖြစ်သော “ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေ ခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့် အညီ” ဆိုသည့် အချက် တွင် ရပ်တန့်သွားခဲ့သည်။

အစိုးရနှင့် DPN တို့အကြား ၁၇ လ အကြာ ဆွေးနွေးပွဲတွင် ၉၀ ရာခိုင်နှှုန်းကျော် သဘောတူညီမှု ရရှိပြီးမှ ရပ်တန့်သွားစေသည့် ထိုအချက် ၁ ချက်ကို သဘောတူညီမှုရယူနိုင်ရေး DPN နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့အကြား၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က နှစ်ဖက် ဆွေးနွေးရန် ကြိုးပမ်းခဲ့ကြသော်လည်း တရားဝင် ဆွေးနွေးပွဲ မဖြစ်မြောက်ခဲ့ပေ။

UNFC ကတော့ နှစ်ဘက်ညှိနှိုင်းမှုများ အဆုံးသတ်ချိန်ရောက်မှ တစ်ဆို့မှုဖြစ်သွားခဲ့ရသည့် DPN နှင့် PC တို့ အကြားက ကြိုးစားမှု ခရီးသည်လည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး ခေါင်းဆောင်ခြင်းသာ ထိပ်တိုက် ဆွေးနွေးရန် သဘောထား ချမှတ်လိုက်ပြီဟု ဆိုသည်။

“DPN နဲ့ PC ကြိုးစားမှုခရီးတော့ ဒီမှာပဲ ဆုံးသွားပြီးလို့ ပြောလို့ရတယ်။ ခေါင်းဆောင်တွေ အပိုင်းက တွေ့ကြရင် သူတို့ အနေနဲ့ပဲ ဆုံးဖြတ်ပေးနိုင်တဲ့ အပိုင်းဖြစ်တော့ သူတို့ တွေ့လိုက်ရင် ပြီးသွားမယ်ပေ့ါ။ အဲ့လို ကျနော်တို့ ယူဆလို့ပါ” ဟု နိုင်အောင်မငေး က ပြောသည်။

အစိုးရနှင့် တပ်မတော်ဘက်ကမူ NCA စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကသာ ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး NCA အတိုင်းသာ သွားမည်ဟု သဘောထား ရပ်တည်ထားကြောင်း ငြိမ်းချမ်းရေး ကော်မရှင်(PC) ဘက်က ပြောသည်။

“ကျနော်တို့ UNFC နဲ့ ဆွေးနွေးခဲ့တာ အကုန်လုံးလည်း သူတို့တင်ပြတဲ့ အချက်တွေအပေါ် ၂ ဖက် နားလည်မှုတွေ ရခဲ့ပါပြီ။ သဘောတူညီချက်တွေလည်း ရခဲ့ပြီးပါပြီ။ နောက်ဆုံး အချက်လေးပဲ ကျန်ပါတယ်။ ဒီအချက် လေးကတော့ ကျနော်တို့လည်း တင်ပြထားပြီးပြီလေ။ NCA အတိုင်းပဲ သွားကြအောင်လို့ အပစ်ရပ် ၈ ဖွဲ့လည်း ဒီအတိုင်းပဲ ထိုးခဲ့တယ်” ဟု ဦးအောင်စိုး က ရှင်းပြသည်။

အစိုးရနှင့် DPN တို့အကြား တစ်ဆို့မှုဖြစ်ပွားခဲ့သော အချက်မှာ DPN ဘက်က တောင်းဆိုထားသည့် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့် အညီ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးများအာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကိုတည် ဆောက်သွားရန် ဆိုသည့် အချက်ဖြစ်သည်။

အစိုးရ၊ တပ်မတော် ဘက်ကမူ NCA စာချုပ် အပိုဒ်- ၁ (က) ထဲကအတိုင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲ ရေးတို့ကို ရှေးရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရာမျှတမှုတို့ကို အခြေခံပြီး ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အာမခံချက်များ အပြည့် အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့် အညီ တည်ဆောက်သွားရန် ဆိုသည့် အချက်အပေါ်တွင် ရပ်တည်ထားသည်။

ယင်းသို့ တစ်ဆို့နေသော အချက်ကို UNFC ဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံလျှင် ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ ပါဝင်ကြသည်။

Loading