ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တိုင်ကြားသူအများစုသည် အာဏာရှိသူများဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပတ်သက် သူ အများစုပါဝင်နေကြောင်း လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း – မြန်မာ – (Free Expression Myanmar – FEM) ၏ အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။
FEM ၏ ‘၆၆(ဃ):စစ်မှန်သည့် ပြောင်းလဲခြင်းမရှိ’ ဟူသည့် အစီရင်ခံစာထုတ်ပြန်ပွဲကို ယနေ့ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဘိုကလေးဈေးလမ်းရှိ ပန်သူရိယ Art Gallery တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသန အဖွဲ့ဝင်တဦးဖြစ်သူ ကဗျာဆရာ မောင်ဆောင်းခက “ဖျက်သိမ်းရမယ့် ပုဒ်မကို မဖျက်သိမ်းဘဲ ပြင်ဆင်မှုသာ လုပ်ခဲ့တဲ့အတွက် ဥပဒေပြင်ဆင်ပြီး နောက်ပိုင်း အထိ တရားစွဲဆိုမှုတွေ ဆက်လက်တည်ရှိနေတယ်ဆိုတာ သက်သေပြဖို့အတွက်ရယ် မြန်မာပြည်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့် အခြေအနေရယ်ကို အချက်အလက်နဲ့ မီးမောင်းထိုးပြချင်လို့ပါ” ဟု ဧရာဝတီကို ပြောသည်။
အစီရင်ခံစာကို FEM ၏ မိတ်ဖက်အဖွဲ့များဖြစ်သော Myanmar ICT for Development (MIDO) နှင့် ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာတွင် ဆက်သွယ်ရေးဥပဒေ မပြင်ဆင်ရ သေးမီနှင့် ၂၀၁၇ ခုနှစ် ပြင်ဆင်ချက်အပြီး ကာလအတွင်း တိုင်ကြားမှုများ အကြောင်းကို လေ့လာဆန်းစစ်ထားမှုများ ပါဝင်ကြောင်း သုတေသနလုပ်ခဲ့သူများက ပြောသည်။
“ကျနော်တို့ ပြောတာကရှင်းပါတယ်။ ပုဒ်မ ၅ဝဝ ရှိတဲ့အတွက် ၆၆(ဃ) မလိုအပ်ပါဘူး။ ဆက်သွယ်ရေးဥပဒေထဲက အသ ရေဖျက်မှုဟာ အဓိပ္ပာယ် ရှင်းလင်းဖွင့်ဆိုထားခြင်း မရှိတဲ့အတွက် ကျယ်ပြန့်လွန်းပါတယ်။ အလွယ်တကူ တရားစွဲလို့ ရနေပြီး တရားမျှတမှု ရရှိဖို့ တကယ်ကို မလွယ်ကူပါဘူး။ လူတွေကို ဒုက္ခအပေးဆုံးဖြစ်တဲ့အဓိက ပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်သရွေ့ အခြားပြင်ဆင်မှုတွေ ဘယ်လိုလုပ်လုပ် မထိရောက်နိုင်ပါဘူး” ဟု မောင်ဆောင်းခက သုံးသပ်သည်။
၂၀၁၇ သြဂုတ်လ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ချက်ထွက်ပေါ်ပြီးနောက်ပိုင်း ပုဒ်မ ၆၆(ဃ)အရ တရားစွဲဆိုသောအမှုမှာ လည်း ၉ မှု တိုးပွားလာကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်းမှ စတင်ကာ ၃ လ အချိန်ယူ၍ ပြုလုပ်ခဲ့သည့် FEM ၏ သုတေသန အစီရင်ခံစာသည် ဆက်သွယ်ရေး ဥပဒေပြဋ္ဌာန်းချိန် ဖြစ်သည့်၂၀၁၅ နိုဝင်ဘာနှင့် ယခုအစီရင်ခံစာ ထွက်သည့်အချိန် ၂၀၁၇ နိုဝင်ဘာ ကြားကာလတို့ အတွက် အကျုံးဝင်သည်။ ယင်းကာလအတွင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆို သော အမှုပေါင်း ၁၀၆ မှု ရှိကြောင်း၊ ၁၁ မှုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အစိုးရလက်ထက်တွင်ဖြစ် ပြီး ၉၅ မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၁၀၆ မှုတွင် တိုင်ကြားသူအမျိုးအစားနှင့် အရေအတွက်မှာ NLD (ပါတီဝင်၊ ပါတီခေါင်းဆောင်၊ ထောက်ခံသူ) ၁၇ မှု၊ USDP(ပါတီဝင်၊ ပါတီခေါင်းဆောင်၊ ထောက်ခံသူ) ၂ မှု၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်(DPP) ၁ မှု၊ တပ်မတော် ၉ မှု၊ ကျောင်းဆရာ/မ ၃ မှု၊ ပြည်သူ့ဝန်ထမ်းအရာရှိများ ၂၃ မှု၊ ဂျာနယ်လစ် ၇ မှု၊ အနုပညာနှင့်ပတ်သက်သူ (ကဗျာဆရာ၊ စာရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင်) ၃ မှု၊ ဘာသာရေးနှင့်ပတ်သက်သူ ၆ မှု၊ စီးပွားရေးနှင့်ဆိုင်သူ ၁၀ မှု၊ သာမန်ပြည်သူ ၂၃ မှုနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၂ မှုတို့ ဖြစ်သည်။
ရာခိုင်နှုန်းအားဖြင့် ၆၆(ဃ)အသုံးပြု တိုင်ကြားသူ ၅၁ ရာခိုင်နှုန်းသည် နိုင်ငံတော်အစိုးရပိုင်း(ပြည်သူ့ဝန်ထမ်းအရာရှိ၊ နိုင်ငံ ရေးပါတီနွယ်၊ တပ်မတော်)နှင့် အလွန်နီးစပ်သူများဖြစ်ပြီး ၂၃ ရာခိုင်နှုန်းသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲအရာရှိများ နှင့် အလုပ်အမှုဆောင်အဆင့် အရာရှိများ အပါအဝင် ပြည်သူ့ဝန်ထမ်းအရာရှိအဖြစ် နိုင်ငံတော်အစိုးရကို တိုက်ရိုက်ကိုယ် စားပြုသူများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်အတွင်း တိုင်ကြားသောသူ ၅၅ ရာခိုင်နှုန်းသည် ယခင်က အစိုးရပိုင်း အဆင့်မြင့် အရာရှိများ ဝေဖန်ခံရခြင်းအတွက် နစ်နာသည်ဟုဆိုကာ ၎င်းတို့ကိုယ်စား တိုင်ကြားသော ရဲနှင့်တပ်မတော်သားများဖြစ် ကြောင်းလည်း ပါရှိသည်။
PEN Myanmar အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ဇာခြည်ဦးက “၆၆ ဃကို ပြင်တယ်ဆိုတဲ့နေရာမှာ ကျမတို့ ပြင်စေချင်တဲ့ ပုံစံမျိုး၊ နိုင်ငံတကာ စံနှုန်းနဲ့ညီညွတ်တဲ့ ပုံစံမျိုး၊ ပြည်သူအပေါ်မှာ တကယ်အကာအကွယ် ပေးနိုင်တဲ့ပုံစံမျိုး ပြင်ထားတာ မဟုတ်ဘူး။ ဒီဥပဒေက ပြင်ဆင်ချင်ယောင် ဆောင်ထားတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
အဆိုပါ ၆၆(ဃ)နှင့်ပတ်သက်၍ ဒစ်ဂျစ်တယ် နည်းပညာ၊ မီဒီယာနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်း ၂၂ ဖွဲ့က ၂၀၁၇ အစောပိုင်းတွင် ပူးပေါင်းအဖွဲ့တခု ပူးပေါင်းဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီစံနှုန်း နှင့်မညီသော ယင်းဥပဒေပုဒ်မကို အပြီးတိုင်ဖျက်သိမ်းပေးရန် အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့ကြသည်။
ယင်းသို့တောင်းဆိုခဲ့သော်လည်း ၂၀၁၇ သြဂုတ်တွင် အစိုးရအနေဖြင့် ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းမည့်အစား ယင်းပုဒ်မပါ အချက်အလက်၊ အရေအတွက် လျှော့ချခဲ့ခြင်း၊ ထောင်ဒဏ်လျှော့ချခြင်း၊ အာမခံပေးနိုင်ချေကို တိုးမြှင့်ခြင်းနှင့် တတိယ ပုဂ္ဂိုလ်(သို့) ကြားလူမှ တရားစွဲဆိုခြင်းကို ကန့်သတ်လိုက်ခြင်း စသဖြင့် အပြောင်းအလဲ အနည်းငယ်သာပြုလုပ်ခဲ့ပြီး ထိုပြင်ဆင်ချက်များ သည်လည်း ထိထိရောက်ရောက် သက်ရောက်ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
တိုင်ကြားချက်၏ ၉၃ ရာခိုင်နှုန်းသည် အသရေဖျက်မှု အကြောင်းပြချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး အကယ်၍ အသရေဖျက်ခြင်းကို ၆၆(ဃ)တွင် အဓိပ္ပာယ် ဖွင့်ဆိုထားမည်ဆိုပါက တိုင်ကြားချက် အနည်းဆုံး သုံးပုံနှစ်ပုံသည် ပယ်ချခံရမည် ဖြစ်ကြောင်း အစီရင်ခံစာတွင် တင်ပြထားသည်။
FEM ၏အစီရင်ခံစာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ရုတ်သိမ်းသင့်ကြောင်း၊ အသရေဖျက်မှုကို ရာဇဝတ်မှုမှ လျှော့ချရန် ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်သင့်ကြောင်း အကြံပြုထားသည်။
FEM မှ ရရှိထားသည့် အချက်အလက်များကို ကိုင်စွဲပြီး သက်ဆိုင်ရာဝန်ကြီးဌာနဖြင့် တွေ့ဆုံကာ ပြန်လည်ဆွေးနွေး သုံး သပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်း ၂၂ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသော ဆက်သွယ်ရေးဥပဒေပြင် ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းအဖွဲ့တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း FEM မှ သိရသည်။
လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) – FEM သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အ လက် လွတ်လပ်ခွင့်အရေးတွင် နှံ့စပ်သော ၊ ဥပဒေပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်နေသော၊ ဥပဒေချိုးဖောက်ခံရ သူများကို ကာကွယ်နေသော၊ အကောင်းဆုံး နိုင်ငံတကာအလေ့အထကောင်းများကို အလေးဂရုပြုလာအောင် လုပ်ဆောင် နေသော အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်ကြောင်း သိရသည်။