သတင်း

စစ်ဘေးရှောင် ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ် လှူဒါန်းမည့် အစီအစဉ် ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့ ထမင်းတနပ်စာ အလှူပေးနိုင်ရန် ထမင်းတနပ်လျှင် ၁၀၀၀ ကျပ် သတ်မှတ်ပြီး အလှူငွေ ကောက်ခံလျက် ရှိသည်ဟု သတင်း ရရှိသည်။

ထိုသို့ ကောက်ခံမှုကို “Concern, Care and Contribute to the IDPs NOW”မှ စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အလှူငွေ ကောက်ခံခြင်း အစီအစဉ်၏ ခေါင်းစဉ်ကိုလည်း “စစ်ဘေးရှောင် ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ် – Christmas Meal For IDPs”ဟု အမည် ပေးထားသည်။

စစ်ဘေးရှောင် ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ် အစီအစဉ်၏ ပြောရေးဆိုခွင့်ရှိသူ မအက်စတာ က “ဒီလို လုပ် ရတဲ့ ရည်ရွယ်ချက်က ကျမတို့ သူတို့ကို သတိရပါတယ်။ အတူတူရှိပါတယ်ဆိုတဲ့ ခံစားချက်၊ မြန်မာနိုင်ငံ အနှံ့က လူထုက ဝိုင်းပြီး ကူညီတာပါ။ သူတို့ကို ပမာဏ မများရင်တောင် အားပေးတယ်။ သတိရနေသေးတယ်။ သူတို့ ဒုက္ခရောက်နေတယ် ဆိုတာကို အားလုံးရင်ထဲမှာ အမှတ်ရနေကြသေးတယ် ဆိုတဲ့ Message ကို ကျမတို့ ဒုက္ခသည်တွေကို စိတ်ခွန်အား ပေးချင်လို့ပါ” ဟု ပြောပြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာနေရသည့် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်း ၂ သောင်းကျော် နေထိုင်နေသည့် စခန်း စုစုပေါင်း ၁၆၇ ခု ရှိသည်။

ဒုက္ခသည် စခန်း တချို့မှာ အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ရှိပြီး တချို့မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိန်းချုပ် သည့် နယ်မြေများ နှင့် တရုတ်-မြန်မာ နယ်စပ် စည်းမျဉ်းအနီးတွင် တည်ရှိသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ထောက်ပံ့နေသည့် စားနပ်ရိက္ခာများကို ၅၀ ရာခိုင် နှုန်းနှင့် အထက် အသီးသီး လျှော့ချလိုက်သဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာ မလုံလောက်မှုများ ကြုံတွေ့နေရသည်။

တချို့စခန်းများတွင် လူတဦးလျှင် တလစာ အတွက် ဆန် ၅ ပြည်၊ ဆီနှင့် ဟင်းဖိုး တို့အတွက် ငွေ ၂၅၀၀ ကျပ် ရရှိပြီး တချို့စခန်းများတွင် ဆန်ထောက်ပံ့မှု မရတော့ပါ။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် စစ်ရှောင်စခန်း ၃ခုမှ စစ်ဘေးရှောင် ဒုက္ခသည် ရာချီ ထွက်ပြေးခဲ့ရပြီး တရုတ်-မြန်မာ နယ်စပ်စည်းမျဉ်း ရှိ ရှအိယန်ဒေသတွင် စခန်းအသစ် ပြန်လည် တည်ဆောက် နေထိုင်ခဲ့ရသည်။

ရှအိယန်ဒေသ သည် ဆောင်းတွင်း ကာလများတွင် ရေခဲမှတ် ကျော်လွန်သည်အထိ အေးပြီး နှင်းများ ကျသည့် ဒေသ ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇွန်လအတွင်း တိုက်ပွဲများကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ဒုက္ခသည် တထောင် ကျော် အသစ်တိုး လာသည့် စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ခုတွင်လည်း နိုင်ငံတကာ အထောက်အပံ့များ ရရှိခြင်း မရှိဘဲ ပြည်တွင်းအလှူရှင်များကို မှီခိုနေရသဖြင့် ဆန်ပြတ်လပ်မှုများ ကြုံတွေ့ နေရသည်။

မအက်စတာက “ကျမတို့ အလှူငွေ ကောက်ခံပြီးရင် JST ကို ဆက်သွယ်ပြီး Camp တွေကို တဆင့်လှူဒါန်း မှာပါ။ အလှူငွေပေါ် မူတည်ပြီး အားလုံးကို ခြုံနိုင်မလား၊ အလှူငွေ များများရရင်တော့ အားလုံးကို ကူပါမယ်။ အဓိက ဦးစား ပေးကတော့ ပိုပြီးလိုအပ်တဲ့ အခက်အခဲပိုများတဲ့ Camp တွေကို ဦးစားပေး လှူသွားမယ်လို့ စဉ်းစား ထားပါတယ်”ဟု ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသည့် အရပ်ဘက် အဖွဲ့အစည်း ၉ဖွဲ့ ပူးပေါင်းထားသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး ပူးပေါင်းအစီအစဉ် အဖွဲ့ (JST) မှ ပြောရေးဆိုခွင့် ရှိသူ ဦးဂွမ်ရှာအောင်က “စစ်ဘေး ရှောင်ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ်”အစီအစဉ်မှ ရရှိလာမည့် အလှူငွေ များကို ဒီဇင်ဘာလ ၂၅ ရက်တွင် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည့် စစ်ဘေးရှောင်ဒုက္ခသည်များ အတူတကွ ဝတ်ပြု ဆုတောင်းနိုင်ရန်၊ ထမင်းအတူတကွ ချက်စားနိုင်ရန် ဆောင်ရွက်ပေးမည်ဟု ပြောသည်။

ဦးဂွမ်ရှာအောင်က “နယ်စပ်မှာဆို တခြား ဒေသတွေထက် ထူးခြားခက်ခဲတဲ့ နေရာတွေ ရှိပါတယ်။ တချို့ဆိုရင် ၂ကြိမ် ၃ကြိမ် လောက် ထပ်ဆင့် ရွှေ့ပြောင်းခဲ့ရတဲ့ နေရာတွေလည်း ရှိတော့ ကျနော်တို့က အဲ့ဒီလို နေရာမျိုးကို ပိုဦးစားပေး ကူပေးဖို့ ရှိပါ တယ်” ဟုလည်း ပြောဆိုသည်။

“စစ်ဘေးရှောင် ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ်- Christmas Meal For IDPs” အတွက် လှူဒါန်း လိုပါက “Concern, Care and Contribute to the IDPs NOW” အမည်ရှိ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည့် ဘဏ် အကောင့် များနှင့် ဖုန်းနံပါတ်များကို ဆက်သွယ် လှူဒါန်းနိုင်သည်ဟု သိရသည်။

“Concern, Care and Contribute to the IDPs NOW” ဖေ့စ်ဘုတ် စာမျက်နှာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်ကြသူ အများစုသည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ပြီး ဒီဇင်ဘာလ ၂၅ ရက်တွင် ကျရောက်သည့် ခရစ္စမတ်နေ့သည် ၎င်းတို့အတွက် အလွန်အရေးပါသည့် နေ့ရက် တရက်ဖြစ်ကြောင်း၊ ထိုနေ့တွင် ခရစ်တော် မွေးဖွားလာခြင်းကို မိသားစုများ၊ အသင်းအဖွဲ့များ စုပေါင်း ကျင်းပသည့် ကာလဖြစ်သည်ဟု ရေးသားထားသည်။

မိသားစုများ၊ ဆွေမျိုးများ အတူတကွ ချက်ပြုတ်ခြင်းနှင့် လယ်ယာများမှ ရိတ်သိမ်း ထားသည်များကို ဝေမျှကြသည့် ကာလ ဖြစ်သော်လည်း စစ်ဘေးရှောင်များသည် နေအိမ်များနှင့် ၎င်းတို့ လယ်ယာများကို စွန့်ခွာပြီး စစ်ဘေးရှောင် စခန်းများတွင် နေထိုင်နေကြရသဖြင့် ထိုကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိကြသဖြင့် ၎င်းတို့အတွက် ခရစ္စမတ်ကို မျှဝေပေးရန် ဖိတ်ခေါ် လို သည် ဟုလည်း ရေးသားထားသည်။

“Concern, Care and Contribute to the IDPs NOW” သည် ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် လှုပ်ရှားမှုတခုဖြစ်ပြီး ကချင် ငြိမ်းချမ်းရေး ကွန်ရက် (KPN) နှင့် စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီ ပေးနေသူများ ပါဝင်ဖွဲ့စည်းထား သည်။

လက်ရှိတွင် အလှူငွေ ကောက်ခံနေသူများ လက်ထဲသို့ ကျပ် ၁၀ သိန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု သိရသည်။

“စစ်ဘေးရှောင် ပြည်သူများ အတွက် ခရစ္စမတ် ထမင်းတနပ်” အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ကလည်း တကြိမ် ပြုလုပ်ဖူးပြီး ထိုစဉ်က စုစုပေါင်း အလှူငွေ ကျပ်သိန်း ၃၀၀ ခန့် ရရှိခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading