ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဇီးဖြူကုန်း ရပ်ကွက်ရှိ ငပလီ ပင်လယ်ကမ်းခြေ အများပြည်သူပိုင် မြေတွင် ဆောက်လုပ်ထားသော ဆိုင်ခန်းများအား ဒီဇင်ဘာလကုန် ဖယ်ရှားပေးရန် သက်ဆိုင်ရာက ဒီဇင်ဘာ ၇ ရက်နေ့ ရက်စွဲ ဖြင့် ဒုတိယ အကြိမ် ထပ်မံ၍ အမိန့်စာထုတ်ကြောင်း သတင်း ရရှိသည်။
အဆိုပါ ငပလီ ပင်လယ်ကမ်းခြေရှိ အများပြည်သူများ အပန်းဖြေသည့် နေရာတွင် ဆိုင်ခန်းများ ဆောက်လုပ်၍ ဈေး ရောင်းချ နေသည်ဟု ဆိုကာ ဇီးဖြူကုန်း ဒေသခံများက ရခိုင်ပြည်နယ် အစိုးရထံ တိုင်ကြားခဲ့သည့် အတွက် ပြည်နယ် အစိုးရအဖွဲ့၏ ညွန်ကြားချက်ဖြင့် နိုဝင်ဘာ လဆန်းပိုင်းက ဖယ်ရှားပေးရန် ပထမအကြိမ် စာထုတ်ခဲ့ သေးကြောင်း သိရ သည်။
ထို ပထမအကြိမ် အမိန့်စာတွင် နိုဝင်ဘာ လကုန် နောက်ဆုံးထား ဖယ်ရှားပေးရန် ထုတ်ပြန်ခဲ့သော်လည်း ဖယ်ရှားပေး ခြင်း မရှိ၍ ယခု ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင် က ဧရာဝတီ သို့ ပြောသည်။
ဦးကျော်သူလှိုင် က “ဆောက်တဲ့ အချိန်ကလည်း ကျနော်တို့ ခွင့်ပြုချက်နဲ့ ဆောက်တာ မဟုတ်ဘူး။ သူတို့ ရပ်ကွက်က တော်မတီ ဖွဲ့ပြီး သူတို့ရွာက သသောတူညီမှုနဲ့ ဆောက်တဲ့ သဘောပဲ။ ကျနော့် အနေနဲ့ကတော့ ဟိုအရင်တုန်းက လည်း တားပြီးသားပဲ။ အခု အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်ကို သိအောင်ဆိုပြီး စာထုတ်တယ်။ ဒါပေမယ့် သူတို့ မလိုက် နာ သေးဘူးပေါ့။ အဲဒါနဲ့ ကျနော်တို့ ဒုတိယ အကြိမ် ထပ်ထုတ်ထားတယ်။ ဒီလအတွင်း အပြီး ဖယ်ရှား ပေးပါ ဆိုပြီး တော့ ပေါ့”ဟုလည်း ပြောသည်။
ယင်းဇီးဖြူကုန်း ပင်လယ်ကမ်းခြေ မြေနေရာအား အများပိုင် မြေဧရိယာ အဖြစ်ထားရှိစေရေးနှင့် ပတ်သက်၍ ဇီးဖြူ ကုန်း ပြည်သူများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ တိုင်ကြားခဲ့ရာ လယ်ယာစီမံခန့်ခွဲမှု အဖွဲ့၊ အစည်းအဝေး အမှတ်စဉ် (၃ /၂၀၁၇) ဆုံးဖြတ်ချက် အပိုဒ် (၇) အရ မူလရည်ရွယ်ချက်အတိုင်း အများပြည်သူပိုင် ဧရိယာ အဖြစ် သတ်မှတ်ထား ရှိရန်နှင့် ဆိုင်ခန်း ဆောက်လုပ် ထားရှိမှုများအား ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဖယ်ရှားသွားရန် ပြည်နယ် အစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။
ထိုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဆိုင်ခန်းများကို ဖယ်ရှားပေးရန် ပထမအကြိမ် အမိန့်စာ ထုတ်ခဲ့သော်လည်း ဆိုင်ခန်းများ ဖယ်ရှား ခြင်း မရှိသည့် အတွက် အစိုးရအဖွဲ့၏ အမိန့်ညွန်ကြားချက် ထူးခြားမှုမရှိဟု ဆိုကာ ဇီးဖြူကုန်း ပြည်သူများက ဒီဇင်ဘာ လ ၇ ရက်နေ့က စစ်တွေမြို့သို့လာရောက်၍ သတင်စာ ရှင်းလင်းပွဲ တရပ်ကို ပြုလုပ်ခဲ့ကြသည်။
သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင်ခဲ့သော ဇီးဖြူကုန်းရွာသား ဦးညီလေးက “ဖျက်သိမ်းရမယ်ဆိုတဲ့ အမိန့် တရပ်ကို ထုတ်ပြန် လိုက်တယ်။ ဆိုင်ခန်းတွေက ဖျက်သိမ်းတာမရှိဘူး၊ ငပလီမြို့ အုပ်ချုပ်ရေးမှူးကို မေးခဲ့တယ်။ ဘာကြောင့် အခုချိန်ထိ အများပိုင်မြေမှာ ရှိနေတဲ့ ဆိုင်ခန်းတွေကို မဖျက်သေးလဲ ဆိုတာကိုမေးတော့။ ကျနော်တို့ သွားပြီး ဖျက် ပိုင်ခွင့် မရှိဘူး။ အမန့်စာတော့ ထုတ်ပေးလို့ ရတယ်ဆိုတဲ့ အဖြေကိုပဲ ရခဲ့တယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တစ်ခုလုံး က ထုတ်ပြန်လိုက်တဲ့ အမိန့် တခုဟာ ဇီးဖြူကုန်းရပ်ကွက်မှာ ရှိတဲ့ ဇီးပွားရေး လုပ်ငန်းရှင် ခရိုနီတွေ အုပ်စု လောက် တောင် အာဏာ မရှိဘူးလားဆိုတာ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ငပလီမြို့ အုပ်ချုပ်ရေးမှူး ကမူ ဆိုင်ခန်းများ ဆောက်လုပ်ခဲ့စဉ် ကတည်းက ၎င်းခွင့်ပြုချက် ပေးထားခဲ့ခြင်း မရှိ သည့် အတွက် အထက်ဌာနများထံ ဆင့်ကဲ တင်ပြပြီး အထက်အမိန့် အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ကလည်း ညွန်ကြားချက်အတိုင်းပဲ လုပ်ရတာပဲလေ၊ ခွင့်ပြုတဲ့ အချိန်ကလည်း ကျနော်တို့ ခွင့်ပြုတာ မဟုတ် ဘူး။ ဆောက်တဲ့ဟာလည်း ကျနော်တို့ ဆောက်ခဲ့တာ မဟုတ်တော့ ကျနော်တို့ ဖြိုဖျက်မယ် ဆိုရင်လည်း မတော် မတရား လုပ်ပါတယ်ဆိုပြီး အတိုင်အတောတွေက ဖြစ်လာမယ်။ ကျနော်တို့ ၃ ကြိမ် ၃ ခါ စာထုတ်မယ်။ မလိုက်နာဘူး ဆိုရင် ဆင့်ကဲ ဆင့်ကဲ သတင်းပို့ပြီး ဆုံးဖြတ်ချက် ချတဲ့ အစိုးရအဖွဲ့ကို ပြန်သတင်းပို့မယ်”ဟု ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က ပြောသည်။
ယင်း ငပလီ ပင်လယ်ကမ်းခြေ အများပြည်သူပိုင် မြေနေရာအတွင်း ဆိုင်ခန်းများ ဆောက်လုပ်ခွင့်ပြုသူသည် ငပလီမြို့ စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောလွင်နှင့် အဖွဲ့များက ဆိုင်ခန်း ပိုင်ရှင်များထံမှ နှစ်စဉ်ကြေး ကောက်ခံပြီး ရေရာချပေးခြင်း ဖြစ်ကြောင်း၊ ဆိုင်ခန်း အရေအတွက် ၁၆ ခန်းရှိကြောင်း၊ ဆိုင်များမှာ အရက် ဘီယာရောင်းချသည့် ဆိုင်များ ဖြစ်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောပြကြသည်။
ဇီးဖြူကုန်းရပ်ကွက် ငပလီ ပင်လယ်ကမ်းခြေ အများပြည်သူပိုင် မြေဧရိယာ အကျယ်အဝန်းမှာ အလျား ၁၈၅ ပေ၊ အနံ ၉၅ ပေ ရှိပြီး ထိုနေရာတွင် ဆိုင်ခန်းများ ဝင်ရောက် ဆောက်လုပ်ခဲ့ခြင်းမှာ ၂၀၁၇ ခုနှစ် နှစ်ဆန်းကတည်းက ဖြစ် ကြောင်း သိရသည်။
ဆိုင်ခန်းများ ဆောက်လုပ်မှုကို ဖယ်ရှားပြီး အများပြည်သူပိုင် မြေအဖြစ် ပြန်လည်ထားရှိရေး အတွက် ဒေသခံ ကျေးရွာ သားများက ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့ကလည်း ဆန္ဒဖော်ထုတ်မှု တကြိမ် ပြုလုပ်ခဲ့သည်။
လက်ရှိတွင်လည်း အစိုးရအဖွဲ့၏ ဆက်လက် ကိုင်တွယ်ဖြေရှင်းမှု အခြေအနေကို စောင့်ကြည့်၍ အများပိုင်မြေ မဖြစ် မချင်း ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း ကျေးရွာသားများက ပြောဆိုသည်။