ပုဂံရှေးဟောင်းဒေသရှိ ဘုရားပုထိုးများမှာ ငလျင်ဒဏ်ခံရပြီးနောက်ပိုင်း ကြံ့ခိုင်မှုအားနည်းလာသည့်အတွက် ဘုရားများပေါ်သို့ တက်ရောက်၍ ရှုခင်းများကြည့်ခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဧရာဝတီသို့ ပြောသည်။
ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က “လူတွေလည်း အန္တရာယ်ဖြစ်လာတဲ့အတွက် နဲ့ ဘာသာရေး အရလည်း မသင့်တော်တဲ့ အတွက် ဒါတွေကို စပြီးတော့ အသိပေး တားမြစ်တာတို့ မေတ္တာရပ်ခံတာတို့ကို ဒီဇင်ဘာလကနေစပြီးတော့ လုပ်တာပေါ့။ တချို့ဘုရားတွေမှာ အတွင်းထဲကနေ အပေါ်ကိုတက်တဲ့ လှေကားတွေရှိပါတယ်။ အဲဒီလှေကားတွေကို အပေါ်တက်လို့မရအောင် သံပန်းတံခါးတွေပိတ်ဖို့ကို စီစဉ်ဆောင်ရွက်သွားမှာပါ” ဟုပြောသည်။
ပုဂံရှေးဟောင်းဒေသတွင် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များက ဘုရားပုထိုးများ၏ အထက်ပစ္စယံသို့ တက်ပြီး နေဝင်၊ နေထွက် ရှူခင်းကြည့်လေ့ရှိကြသော်လည်း ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဘုရား ရာချီထိခိုက်ပျက်စီးခဲ့ပြီး ကြံ့ခိုင်မှု အားနည်းလာသဖြင့် တားမြစ်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ နေဝင်ရှူခင်းကြည့်ရှူနိုင်ရန်အတွက် အစားထိုးနေရာများ ကိုလည်း စီစဉ်ဆောင်ရွက်နေပြီး ပုဂံဒေသရှိ ဘုရားအားလုံး အပေါ်သို့ တက်ရောက်ခွင့် လုံးဝခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။
“အစားထိုးနေရာတွေကတော့ လုပ်ပြီးပါပြီ။ ကန်ဘောင်ကိုဘေးကနေပြီးတော့ ၁၇ ပေလောက် မြှင့်ပြီးတော ရှုခင်းကြည့်လို့ရတဲ့ နေရာလေးတွေ တောင်ကုန်းငယ်လေးတွေကို ဆောင်ရွက်ထားပါတယ်။ ပြီးလည်းပြီးပါပြီ။ ၃ ခုကတော့ ဖော်ဆောင်ပြီးပြီ ၂ ခုကတော့ နေရာရှာနေတုန်းပါ”ဟု ဦးအောင်ကျော်ကျော်က ဆိုသည်။
စီစဉ်ပြီးသားဖြစ်သည့် တောင်ကုန်းငယ် ၃ ခုသည် ကိုမောက်ကန်၊ ညောင်လက်ဖက်ကန် နှင့် စူဋ္ဌာမဏိကန် တို့ဖြစ်ပြီး ကျန်နှစ်နေရာကိုရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။
ဘုရားပုထိုးများ ရေရှည်တည်တံ့ရေးအတွက် ပိတ်ပင်ခြင်းပြီး အစားထိုးနေရာများလည်း ဆောင်ရွက်နေသဖြင့် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှုကို ထူးထူးခြားခြား ထိခိုက်မှု မရှိနိုင်ကြောင်းကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသက်လွင်တိုးက ဧရာဝတီသို့ ပြောသည်။
ဦးသက်လွင်တိုးက “အစားထိုးတဲ့အနေနဲ့ View Point လေးတွေလုပ်နေတယ်။ လက်ရှိဆိုရင်တော့ ဓာတ်ငွေ့သုံးဘောလုံးတွေနဲ့ အပေါ်မှာတက်ကြည့်တာတွေ ဆိုရင် လူတွေကို သက်သက်သာသာနဲ့ အချိန်ပေးကြည့်နိုင်တာပေါ့။ လူတွေတက်ကြည့်တဲ့ အခါမှာ ကာကွယ်တဲ့ အနေနဲ့ လုပ်တာက အကောင်းဆုံးပါပဲ။ ထူးထူးခြားခြား နိုင်ငံခြားသားဝင်ရောက်မှု ထိခိုက်တာတော့ မရှိနိုင်ပါဘူး”ဟု ပြောသည်။
ပုဂံဘုရားများပေါ်မှ နေဝင်ချိန် ရှုခင်းကြည့်ရှုမှုများကြောင့် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း လူပြုတ်ကျခဲ့မှု လေးကြိမ်ဖြစ်ပေါ်ရာ ၃ ကြိမ်တွင် ထိခိုက်ဒဏ်ရာ ရရှိမှုသာ ဖြစ်ပေါ်ခဲ့သော်လည်း ယခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင် အမေရိကန်နိုင်ငံသူ တဦး သေဆုံးခဲ့သည်။
၂၀၁၆ သြဂုတ်လက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ကြောင့် ပုဂံဘုရား ရာနှင့်ချီပြီး ထိခိုက်ပျက်ဆီးမှု ဖြစ်ခဲ့ရာ ယနေ့အထိ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေဆဲဖြစ်သည်။
မြန်မာ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစုဝေးရာ ပုဂံဒေသအတွင်း ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၂၂ ခု ရှိကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း (AMA) က ၎င်းတို့၏ တွေ့ရှိချက်ကို စက်တင်ဘာ ၅ ရက်နေ့က သတင်း ထုတ်ပြန်ထားသည်။