နိုင်ငံတွင်းရှိ ပြည်သူ သန်း ၅၀ အနက် ၁၅ ဒသမ ၈ သန်းမှာ ဆင်းရဲနွမ်းပါးသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီးကြောင်း မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုအခြေအနေ လေ့လာ စိစစ်ချက်အစီ ရင်ခံစာ ဒုတိယတွဲ မှ အချက်အလက်များမှ အရ သိရသည်။
၎င်း အစီရင်ခံစာအရ ဆင်းရဲနွမ်းပါးသည့် အခြေအနေနှင့် ရင်ဆိုင်နေရသူ ၁၅ ဒသမ ၈ သန်းအနက် ၂ သန်းမှာ မြို့ပြနေပြည်သူများဖြစ်သည်။
“စစ်တမ်းကောက်တဲ့ အခါမှာ ဆင်းရဲနွမ်းပါးမှု တိုင်းတာတဲ့ နည်းလမ်းက အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားရေး အခြေ အနေတွေကိုကြည့်တဲ့ အခါမှာ အိမ်ထောင်စု တခု အတွက်ကို အနည်းဆုံး အခြေခံ လိုအပ်ချက်တွေက ဘာတွေ ဖြစ်မလဲဆိုတာ ကြည့်တယ်။ အစား အသောက်၊ လိုအပ်ချက်၊ ပညာရေး အခြေ အနေ ၊ နေထိုင်တဲ့ အိုးအိမ် အခြေအနေတွေကို ပေါင်းစပ်ပြီးမှ ကြည့်တယ်” ဟု ကမ္ဘာ့ဘဏ်မှ အဖွဲ့ဝင် ဒေါက်တာ ရီးနာဘဒီယာနီ ကပြောသည်။
အဆိုပါ အစီရင်ခံစာထုတ်ပြန်မှုကို ယနေ့ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နေပြည်တော်ရှိ Hotel Max တွင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပေါင်းပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းအစီရင်ခံစာကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်၊ မြန်မာနိုင်ငံ ဆင်းရဲမှု နှင့် စားဝတ်နေရေး အခြေ အနေလေ့လာမှု စစ်တမ်း ပထမတွဲပါ အချက် အလက်များကို အခြေခံကာ ခေတ်ကာလ နှင့် ကိုက်ညီသည့် အိမ်ထောင်စုများ၏ သုံးစွဲမှု ပုံစံများကို ထည့်သွင်း တွက်ချက် ခြင်း ဖြင့် ဆင်းရဲ နွမ်းပါးခြင်း တိုင်းတာသည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆင်းရဲသည့် အိမ်ထောင်စုများတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ် ဦးရေနည်းပါးပြီး မှီခိုသူ ဦးရေများပြားလေ့ရှိကြောင်း၊ ဝင်ငွေရှာပေးနိုင်သည့် မြေယာ သို့မဟုတ် လယ်ယာသုံး ပစ္စည်းများကဲ့သို့သော အရင်းအမြစ်များမှာလည်း အနည်းငယ်သာရှိတက်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အလွန်အမင်းဆင်းရဲသူများသည် လယ်ယာ လုပ်ငန်းတွင် ကျပန်းအလုပ်သမားများ သို့မဟုတ် မြေယာ အနည်းငယ်သာ ပိုင်ဆိုင်သူများအဖြစ် အချိုးမညီစွာ ရှိနေပြီး ဝင်ငွေရသည့် အခြားနည်းလမ်းများ မှာလည်း အနည်းငယ်သာရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံ အတွင်း ဆင်းရဲ နွမ်းပါးသည့် စစ်တမ်းကို ကမ္ဘာ့ဘဏ်မှ ကောက်ယူထားသည့် စာရင်းမှာ ၂၀၁၄ -၂၀၁၅ ခုနှစ်တွင် ၄၄.၅သန်း၊ ၂၀၀၉- ၂၀၁၀ ခုနှစ် စစ်တမ်း အရ ၃၇.၅သန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၂၆.၁ ဖြစ်ပြီး၊ ယခု ၂၀၁၇ ခုနှစ် အစီရင်ခံစာ အရ ၁၅.၈ သန်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။