သတင်း

ပလက်ဝ တိုက်ပွဲများကြောင့် ရခိုင်လူထုဆီက ရန်ပုံငွေများ ပိုမိုရရှိဟု AA စစ်ဦးချုပ်ပြော

ချင်းပြည်နယ် ပလက်ဝဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယခုလပိုင်းအတွင်း ရက္ခိုင့် တပ်မတော် (AA) က ရခိုင်လူထုထံမှ လက်နက် ဝယ်ယူနိုင်ရန်ဟုဆိုကာ ထောက်ပံ့သည့် ရန်ပုံငွေများ ပိုရရှိလာကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။

ပလက်ဝဒေသ အတွင်း တပ်မတော်နှင့် AA ကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် တပ်ဖွဲ့ဝင်များ ကျဆုံးပြီး စစ်အသုံး စရိတ် များ ကုန်ကျသဖြင့် ဆိုးကျိုးများ ရှိသလို တိုက်ပွဲကြောင့် ကောင်းသည့် ရလဒ်များမှာ ရခိုင်ပြည်သူများထံမှ ထောက်ခံ မှုများနှင့် ရန်ပုံငွေ ထည့်ဝင်မှုများ ယခုလပိုင်းအတွင်း ပိုရရှိလာခြင်း ဖြစ်သည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “ရဟတ်ယာဉ်တွေ ဘာတွေနဲ့ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်လာတာ ရှိတော့ ငါတို့ တပ်ကို အပေါ်ကနေ ပစ်တယ်ဆိုတော့ လေယာဉ်ပစ် သေနတ်တွေ ငါတို့မှာလည်း လိုတယ်ပေါ့။ ဒါ့ကြောင့် လေယာဉ် ပစ် လက်နက်တွေ ဝယ်ဖို့ ဘယ်လောက် ထည့်ဝင်ရမယ်ဆိုပြီးမှ ဝိုင်းပြီး ပိုနိုးကြားပြီး ထည့်ဝင်လာကြတာ ရှိတယ်”ဟု လည်း ပြောသည်။

ရန်ပုံငွေရရှိသည့် ပမာဏာကို အတိအကျ မေးမြန်းရာ ၎င်းက အတိအကျ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း၊ သို့သော် ၎င်းတို့ AA တပ်ဖွဲ့ဝင်များအနေဖြင့် ထောက်ခံမှုများလည်း ပိုရရှိလာခြင်းကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် ပိုမိုလုပ်ကိုင်ရ အဆင်ပြေလာသည့် အနေအထားတွင် ရှိကြောင်းသာ ပြန်လည် ဖြေဆိုသည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “အရင်ကထက် အများကြီး ထူးခြားပါတယ်။ အများကြီးကောင်းတယ်။ အရင်တုန်းကဆို မင်းတို့ လည်း တာဝန်ရှိတယ်။ အကုန်လုံးလုပ်ရမယ်ဆိုတဲ့ အနေအထားမှာ သတ်မှတ်နှုန်းတခုနဲ့ ထည့်ဝင်ကြတာရှိ တယ်။ အခုကျတော့ ငါတို့တွေ အချခံနေရရင် မလွယ်ဘူး။ လေယာဉ် မဝယ်နိုင်ရင်တောင် ပြန်ပစ်ချရမယ် ဆိုတဲ့ သဘောတွေနဲ့ ပြောစရာမလိုဘဲ ကိုယ်ပိုင်အသိတရားတွေနဲ့ ငါဘယ်လောက်ထည့်မယ် ဆိုပြီး တတ်နိုင်တဲ့သူရော မတတ်နိုင်တဲ့သူရော ပိုပြီး စုစည်းပြီး ထည့်ဝင်လာတယ်”ဟုလည်း ပြောသည်။

တပ်မတော်နှင့် AA တို့သည် ပလက်ဝမြို့နယ် အတွင်း နိုဝင်ဘာလ ၁ ရက်မှ စ၍ တိုက်ပွဲများ ဖြစ်ပွားကာ မြန်မာ- အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ယနေ့ထိ ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်တွင် ပလက်ဝဒေသရှိ နှုံးဘူးကြီး ကျေးရွာအနီး တပ်မတော်သားများ လိုက်ပါလာသည့် လှေများကို AA က ပစ်ခတ်ရာ အရာရှိ ၂ဦးအပါအဝင် ၁၁ ဦးကျဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

လှေတွင် ပါလာသည့် အရပ်သား ကျောင်းသားတဦးလည်း သေဆုံးခဲ့ပြီး အမျိုးသမီးကြီး ၃ဦးလည်း ဒဏ်ရာများ ရရှိ ထား သည်။

ထို့နောက် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ဖြစ်ပွားကာ တပ်မတော် က ရဟတ်ယာဉ်သုံး၍ AA တပ်ဖွဲ့ကို ဗုံးကျဲခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင်လည်း ပလက်ဝဒေသ အတွင်း တပ်မတော်ဘက်က AA ကို ဗုံးကျဲ တိုက် ခိုက်ခဲ့သည်ဟုလည်း ဆိုသည်။

AA က ပြည်တွင်းစစ်တွင် ရဟတ်ယာဉ်သုံးကာ ဗုံးကျဲ တိုက်ခိုက်ခြင်းသည် ဂျနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဆိုကာ တိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်က လူနေကျေးရွာများ၊ တောင်ယာများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ သည် ဟု စွပ်စွဲထားသည်။

နိုဝင်ဘာလ ၂၁ ရက်တွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရဟတ်ယာဉ်ဖြင့် AA ကို ဗုံးကျဲခြင်းသည် တပ်မတော် ၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။

ဦးဇော်ဌေးက “အဲ့ဒါတွေက ခွင့်ပြုချက် မလိုပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရ မလိုဘူး။ Constitution မှာ တပ်ကို အကုန် ပေးထားပြီးသား”ဟု ပြောသည်။

တိုက်ပွဲကာလများတွင် AA ဘက်က ကျဆုံးသူ ၁၀ ဦးဝန်းကျင် ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ခန့် ရှိကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက် ပလက်ဝဒေသ မြိတ်ဝရွာအနီး တိုက်ပွဲတွင် တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် AA အတွက် အရေးပါသည့် တောင်ကုန်းတခုကို ဆုတ်ခွာပေးခဲ့ရသည် ဟုလည်း AA ဘက်က ပြောဆိုသည်။

AA သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင်ပြီး အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ အဖွဲ့ဝင် ဖြစ်သည်။

AA သည် ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်သည့် လိုင်ဇာမြို့တွင် ဌာနချုပ် ထားရှိ ကာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်၊ မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဖြစ်သည့် ချင်းပြည်နယ် ပလက်ဝ ဒေသတို့တွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

တပ်မတော်က AA သည် ဒီမိုကရေစီ အစိုးရ လက်ထက်မှ ပေါ်ပေါက်လာပြီး တိုက်ခိုက်နေသဖြင့် အကြမ်းဖက် သောင်းကျန်းသူဟု သတ်မှတ်ထားပြီး ငြိမ်းချမ်းရေး ခေါ်ယူဆွေးနွေးမည် မဟုတ်ဟုလည်း ဆိုထားသည်။

တပ်မတော်နှင့် AA ကြား ဖြစ်ပွားသည့် တိုက်ပွဲများကို တပ်မတော်ဘက်က သတင်းထုတ်ပြန် ပြောဆိုခြင်း မရှိပါ။

သို့သော် ဒီဇင်ဘာလ ၇ ရက်က မြောက်ဦးမြို့နယ် ထမ္မရာဇ်ရွာ အနီးတွင် AA က မိုင်း ၂လုံး ထောင်ထားသည်ကို ဖြုတ်သိမ်းခဲ့ရသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်း ထုတ်ပြန် ထားသည်။

Loading