မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေက ဌာနဆိုင်ရာ ဘန်ဂလိုများနှင့် မြေနေရာများကို လုပ်ငန်းရှင်များအား ငှားရမ်းလုပ်ကိုင်ခွင့် ချပေးခဲ့ရာတွင် ငှားရမ်းခများ ဖော်ပြထားခြင်းမရှိသည့်အပေါ် မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ် ခံနေရကြောင်း သတင်းရရှိသည်။
မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်စောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာ ခင်နိုင်ဦးက ၎င်းတို့ ကွင်းဆင်း စစ်ဆေးခဲ့သော အစီရင်ခံစာကို ထောက်ပြ၍ ဒီဇင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
ဒေါက်တာ ခင်နိုင်ဦးက “ငှားရမ်းထားမှုအခြေအနေတွေ၊ နောက် ဘယ်လိုပုဂ္ဂိုလ်တွေ ငှားရမ်းထားလဲ၊ ဘယ်လိုပုံစံမျိုးနဲ့ ငှားရမ်းထားလဲ ဒါတွေ အကုန်လုံးကို စာရင်း အချက်လက်တွေပြုစုပြီး ပေးပို့ဖို့ စာထွက်တယ်၊ ပြည်နယ်အစိုးရအဖွဲ့ကနေ လွှတ်တော်ကို ပြန်ကြားတာ ရှိတယ်၊ အဲ့ဒီပြန်ကြားတဲ့ အချက်လက်တွေထဲမှာ တချို့ဆိုလို့ရှိရင် တော်တော် များများကတော့ မဖော်ပြထားတာရှိတယ်” ဟု ရှင်းပြသည်။
ထိုအချက်အလက်များကို မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီက စက်စဲကမ်းခြေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းနေမှုကိစ္စ ကွင်းဆင်းစစ်ဆေးခြင်းကို ၂၀၁၇ ခုနှစ်၊ ဧပြီ နှင့် နိုဝင်ဘာလထဲတွင် ကွင်းဆင်းစစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မွန်ပြည်နယ် လွှတ်တော်သို့ တင်သွင်းထားသော အချက်အလက်များအရ အဏ္ဏဝါသိပ္ပံ၊ ဆည်မြောင်း၊ လမ်းဦးစီးဌာန၊ လျှပ်စစ်နှင့် သစ်တောဌာနတို့ကလည်း ဘန်ဂလိုများကို ဌာနအနေဖြင့် လုပ်ကိုင်နေပြီး ငှားရမ်းခ ဖော်ပြထားခြင်း မရှိကြောင်း ဖော်ပြထားသည်။
စက်စဲကမ်းခြေရှိ မြအဏ္ဏဝါ၊ စံပြလုပ်သား၊ ရွှေကမ်းခြေ၊ ရွှေမိုး၊ ငွေသောင်ယံ စသည့် ဘန်ဂလိုများနှင့် မြေများကို ထွေ/အုပ်၊ အလုပ်သမား၊ စည်ပင်နှင့် ရတခ တို့ထံမှတဆင့် စက်စဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပါစိန် ဆိုသူက အများဆုံး လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်သည်ဟု လွှတ်တော်သို့ တင်ပြထားချက်အရသိရသည်။
ထို့အတူ အား/ကာ ဌာန၏ ဘန်ဂလိုများကိုလည်း ဦးပါစိန်၏ ဇနီးဖြစ်သူ ဒေါ်ခင်အေး က လုပ်ကိုင်ခွင့် ရရှိထားပြီး စိုက်ပျိုးရေးဌာန၏ ဘန်ဂလိုများကိုမူ ဦးဝင်းသိန်းဆိုသူက ငှားရမ်းလုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။
ထွေ/အုပ်နှင့် ရတခ တို့ထံမှ ဦးပါစိန် ငှားရမ်း လုပ်ကိုင်နေသော မြေနှင့် အဆောက် အအုံများကို စီးပွားဖြစ် လုပ်ကိုင် နေသော်လည်း ငွေပေးသွင်းထားခြင်း ရှိမရှိ ဖော်ပြထားခြင်းမရှိကြောင်းနှင့် အဆိုပါဌာနများမှလည်း ၎င်းငွေများကို မည်သို့ စီမံခန့်ခွဲ၍ သုံးစွဲနေသည်ကိုလည်း ဖော်ပြထားခြင်း မရှိဟုဆိုသည်။
ပွင့်လင်းမြင်သာမှု မရှိသော ထိုအချက်အလက်များ သည် အဂတိဘက်သို့ ဦးတည်နေသည်ဟု သုံးသပ်မိကြောင်း မွန်ပြည်နယ် လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး က ဆိုသည်။
ဦးပါစိန်လုပ်ကိုင်သော စည်ပင် ဘန်ဂလိုအတွင်းရှိ ရွှေကမ်းခြေအဆင့်မြင့် ဧည့်ရိပ်သာအဆောက်အဦးမှ သန့်စင်ခန်း ရေဆိုး စွန့်ထုတ်စနစ်သည်လည်း စနစ်တကျ မဟုတ်သဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း သထုံမဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။
ယင်းအပြင် ဦးပါစိန်လုပ်ကိုင်သော အလုပ်သမားဘန်ဂလို ဝန်းအတွင်းရှိ ရေချိုးခန်းစွန့်ပစ် ရေထုတ်စနစ်သည် အများပြည်သူ ဝင်ထွက်သွားလာသော အပန်းဖြေ ကမ်းခြေမျက်နှာစာကို ဖြတ်၍ ပင်လယ်သို့ စွန့်ထုတ်ထားသဖြင့် ကမ်းခြေသာယာမှု ပျက်စီးနေကြောင်းလည်း လွှတ်တော်သို့ တင်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဦးပါစိန် ငှားရမ်းလုပ်ကိုင်နေသော အလုပ်သမားဝန်းသည်လည်း ၂၄ ဒဿမ ၈၃ ဧကရှိပြီး၊ လန (၃၉) ကျထားပြီးသော R မြေအမျိုးအစားဖြစ်ကာ တောင်သူများ စွန့်လွတ်မည့် မြေဟု ဖော်ပြထာခြင်းအတွက် တောင်သူများနစ်နာနိုင်ခြေရှိခြင်းကြောင့် တောင်သူများနစ်နာမှုမရှိစေရန် လယ်ယာမြေနှင့် အခြေားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြည်လည်စိစစ်ရေး ကော်မတီက ပြန်လည် စိစစ်သင့်ကြောင်း ဆိုသည်။
စက်စဲကမ်းခြေ စည်ပင်ဌာန၏ ဘီးခွန်ကောက် လေလံဈေးနှုန်း၊ စားသောက်ဆိုင် လိုင်စင်ကြေးရငွေပမာဏသည် အခြားလုပ်ငန်းများဖြစ်သည့် ဓာတ်ပုံရိုက် လုပ်ငန်းလိုင်စင်ကြေး ပေးသွင်းရမှုပမာဏနှင့် ချိန်ထိုးနှိုင်းယှဉ်ပါက ရသင့်သည်ထက် လျော့နည်းစွာ ရရှိနေသည်ဟု ယင်းအစီရင်ခံစားတွင် သုံးသပ်ထားသည်။
ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကလည်း “ဇင်းကျိုက်ရေတံခွန် ကားရပ်နားခွင့် လိုင်စင်တခုတည်းကို ၁၅၅ သိန်းရရှိခဲ့တယ်၊ စက်စဲလိုကမ်းခြေ မြန်မာတပြည်လုံးနဲ့ နိုင်ငံခြားသားတွေ ပါလာတဲ့ ကမ်းခြေမှာ အခွန်အရပ်ရပ် လုပ်ငန်းခုနှစ်ခုကနေရရှိတဲ့ငွေဟာ ၅၉၅၇၀၀၀ ပါ၊ ပြည်နယ်ဝင်ငွေ အင်မတန် နည်းပါတယ်၊ အဲ့ဒါလေးကိုလည်း သတိပြုစေချင်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မှန်းတာက အဆင့်မြင့် ပင်လယ်အပန်းဖြေစခန်း ဖြစ်နေတာက အမှိုက်ပုံကမ်းခြေ