တရုတ်နိုင်ငံမှာ မိုးမျှော်တိုက်တွေရဲ့ခေါင်မိုးပေါ် စွန့်စွန့်စားစား တက်ရောက်ပြပြီး စတန့်ပြခဲ့သူ ပြီးခဲတဲ့လက မိုးမျှော်တိုက်ပေါ်က ပြုတ်ကျ သေဆုံးသွားတယ်လို့ တရုတ်သတင်းဌာန CGTN က ရေးထားပါတယ်။
ဝမ်ယောင်နင်း ကွယ်လွန်သွားပြီဆိုတာ မကြာခင်ကမှ အတည်ပြုချက် ရခဲ့တာပါ။ သူ့ရဲ့လူမှုကွန်ရက်အကောင့်မှာ update မတက်လာတာ တလကြာပြီးဖြစ်တဲ့အတွက် သူ ဘာများဖြစ်နေသလဲလို့ ပရိသတ်တွေက မေးခွန်းထုတ်၊ စာတိုပို့ကြပါတယ်။
မိုးမျှော်တိုက်တွေရဲ့ ထိပ်ဖျားတွေမှာ စွန့်စားခန်းတွေ အမျိုးမျိုးတင်ဆက်ပြခဲ့ရင်း တရုတ် လူမှုကွန်ရက်ပေါ် ထင်ရှားလာတဲ့ သူဟာ အမိုးစွန်းကိုင်ရင်း အထပ်မြင့်တိုက်တွေရဲ့ထိပ်ကနေ ကိုယ်တဝက် တွဲလောင်းချပြခဲ့ဖူးပါတယ်။

၁၉၉၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ဝမ်ဟာ သူ့စွန့်စားခန်းဗီဒီယိုများကို Weibo အကောင့်တစ်ခုနဲ့ @Jixian-Yongning ဆိုပြီး အင်တာနက်ပေါ် ပုံမှန်လွှင့်တင်နေခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်ကနေစပြီး နောက်ဆုံးပို့စ်တင်ပြီး ပျောက်နေတဲ့အတွက် အင်တာနက်သုံးစွဲသူများ စိုးရိမ်စိတ်တိုးမြင့်လာခဲ့တာပါ။
အဲဒီနောက်မှာမှ သူ့သတင်းဆိုးကို ကြားလိုက်ရတာဖြစ်ပါတယ်။ ဝမ်ရဲ့သူငယ်ချင်းတွေက အွန်လိုင်းကြေညာချက်တခုထုတ်ခဲ့ပြီး နိုဝင်ဘာလ ၈ ရက်ကပဲ ဝမ်ဟာ ချန်းရှာမြို့၊ မိုးမျှော်တိုက်တခုပေါ်ကနေ လိမ့်ကျခဲ့ကြောင်း၊ သူ့ရုပ်အလောင်းကို နောက်တစ်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ကြေညာချက်ထဲမှာ ဝမ်ရဲ့သူငယ်ချင်းတွေက ဗီဒီယိုဖိုင်တခုကို ပြသပြီး စတန့်ပြသနေရင်း အောက်ကိုပြုတ်ကျသွားတဲ့အကြောင်း ရှင်းပြပါတယ်။
ဝမ်အကောင့်ရဲ့ နောက်ဆုံးဗီဒီယိုပို့စ်မှာ like စုစုပေါင်း ၆ ထောင်ကျော်ရှိတဲ့အတွက် Weibo မှာ သူ တင်သမျှပို့စ်တွေထဲမှာ အများဆုံးပမာဏဖြစ်သွားခဲ့ပါတယ်။

ဝမ်ဟာ သူ့အသက်မွေးဝမ်းကျောင်းအဖြစ် ကိုယ်ခံအနုပညာရှင်နဲ့ဇာတ်ပို့မင်းသားအဖြစ် လုပ်ကိုင်ရင်း အချို့ရုပ်ရှင်တွေနဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Weibo ပေါ်မှာ ဝမ်က “ ကျနော့် ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်က မိုးမျှော်တိုက်တွေ အားလုံးကို ဘာအကာအကွယ်မှ မပါဘဲ စိမ်ခေါ်နိုင်ရေး ဖြစ်ပါတယ်” လို့ ရေးထားပါတယ်။
သူ့စတန့်ပြကွက် ဗီဒီယိုဖိုင်တွေမှာ သူ့နာမည်ဖော်ပြထားပြီး တရုတ်နိုင်ငံက ဝက်ဘ်ဆိုက်တချို့မှာ လွှင့်တင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဗီဒီယို မိုဘိုင်းလ် app တခုဖြစ်တဲ့ Meipai မှာလည်း follower ၂ သိန်းကျော် ရရှိပါတယ်။ ဒါပေမယ့် အဲဒီဗီဒီယိုဖိုင်တွေဟာ အငြင်းပွားစရာများပြီး သူ့လိုလိုက်လုပ်မယ့်သူတချို့အတွက်လည်း စိုးရိမ်ပူပန်ကြတာ ရှိပါတယ်။