တင်းမာမှုများကို ဖယ်ရှားရန်နှင့် ဒုက္ခသည်များ လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်မည့် ပတ်ဝန်းကျင်တခုကို ဖန်တီးရန် ကုလသမဂ္ဂက မြန်မာနိုင်ငံကို ကူညီနိုင်ကြောင်း ကုလသမဂ္ဂ၏ ထိပ်တန်းအရာရှိတဦးက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ ခိုင်မာစေရေး အပါအဝင် အခြားသော စိန်ခေါ်မှုများကိုဖြေရှင်းရာတွင်လည်း ကုလသမဂ္ဂ၏ စွမ်းရည်များနှင့် ကျွမ်းကျင်မှုကို အသုံးချနိုင်လိမ့်မည်ဟုလည်း သူက ပြောသည်။
“ကုလသမဂ္ဂက ပေးနိုင်တဲ့ ကျွမ်းကျင်မှုတွေကို မြန်မာနိုင်ငံက အသုံးပြုလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ကုလသမဂ္ဂ၏ နိုင်ငံရေးဆိုင်ရာ အကြီးအကဲ (Under-Secretary-General) Jeffrey Feltman က ကုလသမဂ္ဂလုံခြုံရေး ကောင် စီတွင် မြန်မာနိုင်ငံမှ အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် ပြောကြားခဲ့သည်။
သြဂုတ်လ ၂၅ ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဝင်ရောက်လာသူ ဒုက္ခသည်အရေအတွက်မှာ ယခုအခါ ၆၂၆၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
ဘင်္ဂလားဒေ့ အစိုးရနှင့် ပြည်သူများ၏ ဆက်လက်၍ ရက်ရောမှုအတွက် ကုလသမဂ္ဂက ကျေးဇူးတင်ကြောင်း သူက ပြော ကြားခဲ့ပြီး အဆိုပါ အားထုတ်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်လက်ကူညီကြရန်လည်း တောင်းဆိုခဲ့သည်။
“ပြဿနာရဲ့ မူလအရင်းအမြစ်တွေနဲ့ အဖြေတွေက မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒါပေမယ့် တာဝန်ယူမှုနဲ့ ခွဲခြားမှုမရှိတဲ့ တရားဥပဒေ စိုးမိုးရေး မရှိရင်၊ ရခိုင် ပြည်နယ်အတွင်းက အသိုင်းအဝိုင်းတွေကြားမှာ စိုးရိမ်မှုနဲ့ မယုံကြည်မှုတွေကို ဖြေရှင်းဖို့ ပြည်သူ့ လုံခြုံရေး ဆောင်ရွက်မှုတွေ မရှိရင် ပြန်လည် လက်ခံရေးနဲ့ ပြန်လည်သင့်မြတ်ရေး မူဝါဒတွေက ကျဆုံးသွားပါလိမ့်မယ်” ဟု သူက အလေးပေး ပြောကြားသည်။
Jeffrey Feltman က ထုတ်နှုတ်ပြခဲ့သော အဓိက တိုးတက်မှုများထဲမှ တခုမှာ ဒုက္ခသည်များ ပြန်လာရေးနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ၂ နိုင်ကြားတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူညီချက်တခု ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သဘောတူညီချက်က လုံခြုံသော၊ ဂုဏ်သိက္ခာရှိသော၊ နိုင်ငံတကာ ဥပဒေများနှင့် အညီ မိမိသဘောဆန္ဒအလျှောက် ပြန်လာခြင်းမှတဆင့် ကျယ်ပြန့်၍ ကြာရှည်ခံမည့် အဖြေတခု လိုအပ်ကြောင်း အသိအမှတ်ပြုထားသည်။
ဒုက္ခသည်များ ပြန်သွားခြင်းများကို ပြန်လည်သင့်မြတ်ရေး အားထုတ်မှုများနှင့် ထောက်ပံ့ရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော်ခြင်းက အဓိကနေရာတွင် ရှိကြောင်း Jeffrey Feltman က ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က အစိုးရအနေဖြင့် ရခိုင် ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာ မွတ်ဆလင်များ သီးခြားခွဲခြားထားခြင်းကို အဆုံးသတ်ရေးနှင့် ရခိုင်ပြည်နယ် အတွင်းတွင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အပြည့်အဝ လွတ်လပ်စွာ ရရှိရေးကဲ့သို့သော ခိုင်မာသည့် ခြေလှမ်းများဖြင့် ဆောင်ရွက်ရန် အကြံပြုခဲ့သည်။
အောက်တိုဘာလက မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်းတွင် အရေးပါသည့် ဧရိယာများသို့ ကုလသမဂ္ဂက အကူအညီပေးနိုင်မည့် အလားအလာကို မြန်မာ တာဝန်ရှိသူများနှင့် အတူ ရှာဖွေခဲ့သည် ဟု Jeffrey Feltman က ပြောသည်။
“တပ်မတော် အပါအဝင် မြန်မာခေါင်းဆောင်များ အားလုံးက လူမျိုးရေး မုန်းတီးမှုနဲ့ ပဋိပက္ခအတွက် လှုံ့ဆော်မှုတွေကို ပြစ်တင်ရှုတ်ချဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ အသိုင်းအဝိုင်းတွေကြားက တင်းမာမှုတွေ ပပျောက်မယ့် နည်းလမ်းတွေ ကျင့်သုံးဖို့ နဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဆောင်ရွက်မှုတွေက တဆင့် အပါအဝင် လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင် မယ့် ပတ်ဝန်းကျင်တခု ဖန်တီးဖို့ တိုက်တွန်းပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်တဦး ခန့်အပ်ရန် အတွင်းရေးမှူးချုပ်က တောင်းဆိုထားသည့် ဆုံးဖြတ်ချက် တခုကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုပေးမည်ဟု မျှော်လင့်ကြောင်းနှင့် ထိုသို့ပြုလုပ်ခြင်း အားဖြင့် ဒေသတွင်းနှင့် အပြင်မှ စိတ်ဝင်စားသော အဖွဲ့ဝင် နိုင်ငံများ၏ အနီးကပ် ညှိနှိုင်းတိုင်ပင်မှုဖြင့် ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံကြားတွင် ပူးပေါင်းဆောင်ရွက်မှု အင်အား ခိုင်မာလာစေနိုင်ကြောင်းလည်း သူက ဆိုသည်။
“မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝ လေးစားစွာနဲ့ ကျနော်တို့က မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အများအပြားမှာ မြန်မာနိုင်ငံနဲ့ အတူတူလုပ်ဖို့ ကမ်းလှမ်းနိုင်တာတွေ အများကြီးရှိတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။” ဟု သူက နိဂုံးချုပ်ခဲ့သည်။
ယခု အစည်းအဝေးသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌက နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော မြန်မာ နိုင်ငံ အခြေအနေဆိုင်ရာ ကြေညာချက်၏ နောက်ဆက်တွဲဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်တွင် ထုတ်ပြန်ပြီး နောက်ပိုင်း ရက် ၃၀ အကြာတွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို လုံခြုံရေး ကောင်စီသို့ ရှင်းလင်းပြောကြား ပေးရန် အတွင်းရေးမှူးချုပ်ကို မေတ္တာရပ်ခံထားသည်။
နိုဝင်ဘာလ ၅ ရက်မှ ၁၃ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့သော ပဋိပက္ခအတွင်းမှ လိင်အကြမ်းဖက်မှု များဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Pramila Patten ကလည်း လုံခြုံရေးကောင်စီသို့ ရှင်း လင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မိန်းကလေးများ နှင့် အမျိုးသမီးများ အပေါ်ကျူးလွန်သည့် စိတ်နှလုံး ကြေကွဲစရာ၊ ထိတ်လန့်ဖွယ်ရာ လိင်အကြမ်းဖက်မှုများဖြစ်သည်ဟု ရှင်းပြရင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ သူရောက်ရှိခဲ့သည့် ဒုက္ခသည် စခန်းများရှိ သူနှင့် စကားပြောခဲ့သော အမျိုးသမီး သို့မဟုတ် မိန်းကလေးတိုင်းက ရက်စက်သော စော်ကားမှုများ ကြုံတွေခဲ့ကြောင်း သို့မဟုတ် အမျိုးသမီးများကို သေသည်အထိ မတရားပြုကျင့်ခြင်းကို မြင်တွေ့ရခြင်း အပါအဝင် လိင် အကြမ်းဖက်မှုများကို မြင်တွေ့ခဲ့ရကြောင်း ပြောခဲ့ကြသည်ဟု သူက ဆိုသည်။
ရိုဟင်ဂျာများ လုံခြုံစိတ်ချစွာဖြင့် နေရပ်သို့ ပြန်ရေးတွင် အခြေခံလုံခြုံရေး နှင့် အခွင့်အရေးများအတွက် အာမခံချက်တို့ ပါဝင်ရန်လည်း အရေးကြီးသည်ဟု Pramila Patten က ပြောသည်။ ထိုသို့ မဟုတ်ခဲ့လျှင် နောက်ကွယ်မှ အခြေအနေများ မပြောင်းလဲခဲ့လျှင် အကြမ်းဖက်မှု၊ ပြစ်ဒဏ်မှကင်းလွတ်မှု နှင့် စွန့်ခွာထွက်ပြေးရမှု သံသရာတို့က ထပ်၍ ဖြစ်နေမည်ဟု သူ က ဆိုသည်။