ကချင်ပြည်နယ်လွှတ်တော်ရုံး ဧည့်ရိပ်သာတွင် တည်းခိုနေသည့် လွှတ်တော် ကိုယ်စားလှယ်များ သန့်စင်ခန်း သုံးပြီးပါက ရေဆွဲချရန် အပါအဝင် တခြားလိုက်နာရမည့် စည်းကမ်းချက် ၂၃ ချက်ကို ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်က စာထုတ်လိုက်ကြောင်း သိရသည်။
စည်းကမ်းချက် ၂၃ချက်၌ သန့်စင်ခန်းတွင် အပေါ့အလေးသွားပြီးပါက ရေဆွဲချရန်အပြင် အိပ်ခန်း အတွင်း အဝတ်စိုများ မလှန်းရန်၊ အိပ်ခန်းအတွင်း ချက်ပြုတ်မည်ဆိုပါက သန်းရှင်းသပ်ယပ်စွာ ဆောင်ရွက်ရန်၊ ဘေးပတ်ဝန်းကျင် အခန်းများ အား အနှောက်အယှက်မဖြစ်ရေး ဂရုပြုရန်နှင့် လျှပ်စစ်မီး အန္တရာယ် ကင်းရှင်းစွာ ကိုယ်တွယ် အသုံးပြုရန်လည်း ပါရှိ သည်။
ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ်-၁ မှ ကချင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းက
“အိမ်သာ တက်ပြီးရင် မသန့်မရှင်း လုပ်ထားတာတွေ ပွနေတာတွေ ဆိုတော့ ရိပ်သာ အစောင့်တွေ လည်း မတတ်နိုင်တော့ဘူးလေ။ နေရာတကာ လိုက်မကြည့်နိုင်ဘူး။ အဲ့ဒါမျိုးတွေ စည်းကမ်းထုတ် တယ်ဆိုတာကလည်း ပြည်သူ့လွှတ်တော် စည်ပင်သာယာရေး က ထုတ်တဲ့ အချက်ကို မှီငြမ်းပြီးထုတ် တာပါပဲ”ဟု ပြောသည်။
တခြားသော စည်းကမ်းချက်များမှာ ကချင်ပြည်နယ်လွှတ်တော်ရုံး၏ ခွင့်ပြုချက် ရထားသည့် တည်းခိုသူ ဖြစ်ရမည်၊ တည်းခိုသူ အမျိုးသား အိပ်ခန်းသို့ ခွင့်ပြုချက်မရှိပဲ အမျိုးသမီးဝင်ရောက်ခြင်း၊ အမျိုးသမီးအခန်းသို့ အမျိုးသား ဝင်ရောက် ခြင်းများကို တည်းခိုသူက လက်ခံသော်လည်း ဧည့်ရိပ်သာ စည်းကမ်းအရ ခွင့်မပြု၊ လက်နက်ခဲယမ်းနှင့် ပေါက်ကွဲစေတတ် သည့် ပစ္စည်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ ဥပဒေနှင့် ငြိစွန်းသည့် ပစ္စည်းများ၊ စာရွက် စာတမ်းများ ယူဆောင် တည်းခိုခွင့်မပြုဆိုသည့် အချက်များလည်း ထည့်သွင်းထားသည်။
“အခုက ဇနီး သားမယားတွေပါခေါ် ခေါ်ပြီး ဒီလိုပဲ ဆူညံ့နေတော့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော် အချိန် အတွင်းမှာ လွှတ်တော်တက် ပြီးတာနဲ့ စာရေးရတယ်။ အစီရင်ခံစာတွေ ကြည့်ရ တယ်။ ဖြေကြားရမယ့် ဟာတွေ စာဖတ်ရ တယ်။ အနှောက်အယှက်ဖြစ်တာပေါ့။ တချို့အဝတ်အစား တွေ အခန်းထဲမှာ လှန်းလို့လှန်း ထဘီတွေ အပေါ်မှာ လှန်းလို့ လှန်း ။ တချို့ကလည်း လာလိုက်ရင် မိန်းမခေါ်လာတယ်။ နောက်တခါ ဆက်စပ်တဲ့ ဟာတွေက လာနေတာ သဘောက ဧည့်ခန်းထဲမှာ ထိုင်ပြီး အေးဆေးပြောလို့ရတာ အခုက ဆူညံပြီးတော့ နေကြတယ်။ အခုလို စာထုတ်တာ လုပ်သင့် တယ်”ဟု ကချင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် ဦးဇော်သင်းက ပြောသည်။
ထို့ပြင် နိုင်ငံတော် အစိုးရအား ဆန့်ကျင်သည့် ဆောင်ရွက်ချက် ကိစ္စရပ်မှန်သမျှအား လုံးဝ(လုံးဝ) ဆောင်ရွက် ခွင့် မပြု၊ အိမ်ခန်း အတွင်းရှိ ပစ္စည်းများကို စနစ်တကျ ကိုင်တွယ် အသုံးပြုရန်၊ ဧည့်ရိပ်သာအတွင်း မူးယစ်သေစာ သောက်စားခြင်း၊ လောင်းကစားခြင်း၊ အပျော်အပါး လိုက်စား ခြင်းများ လုံးဝ(လုံးဝ) ခွင့်မပြု၊ အိမ်ခန်းအတွင်း ဆေးလိပ်မသောက်ရ၊ ဖယောင်းတိုင်း မီးမထွန်းရ၊ မီးဘေး အန္တရာယ်ဖြစ်စေမည့် ကိစ္စရပ်များကို ရှောင်ကြည်ရ မည်၊ အမှိုက်နှင့် ကွမ်းတံတွေး များကို အမှိုက်ပုံးများတွင်သာ စနစ်တကျ စွန့်ပစ်ရမည် ဟုလည်း ပါရှိသည်။