သတင်း

ပေ၁၀၀ ကျော်ရှည်သည့် အင်ကြင်းကျောက်အား ပညာရှင်များ ကွင်းဆင်းစစ်ဆေး

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ညွန်ကြားချက်ဖြင့် မကွေးတိုင်းဒေသကြီး ပေပင်စမ်းကျေးရွာ၌ တူးဖော် တွေ့ရှိထားသည့် ပေတရာကျော်အရှည်ရှိ အင်ကြင်း ကျောက်ဖြစ် ရုပ်ကြွင်းအား ထိန်းသိမ်းထား ရှိနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဘူမိဗေဒပညာရှင်များ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒီဇင်ဘာ ၁၂ရက်နေ့က ကွင်းဆင်းစစ်ဆေးရာ အလျား ၁၀၂ ပေ၊ ခါးလည်လုံးပတ် ၁၂ ပေ၊ အရင်းပိုင်း ထိပ်ဝ အချင်း ၂၂ ပေ ၆ လက္မနှင့် အဖျားပိုင်း ထိပ်ဝအချင်း ၁၂ ပေရှိကြောင်း သိရပြီး နှစ်သက်တမ်း အားဖြင့် နှစ် ၇ သန်းမှ ၁၀ သန်းအကြား ခန့်မှန်းရကြောင်း မကွေးတက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာဇင်မောင်မောင်သိန်းက ပြောသည်။

“ကွင်းဆင်းစစ်ဆေးတဲ့ အခါမှာ တခြားတိရိစ္ဆာန် ကျောက်ဖြစ်ရုပ်ကြွင်းတွေပါ တွေ့ရတယ်၊ ဒီရုပ်ကြွင်း တွေရဲ့ သက်တမ်းနဲ့ ချိန်ထိုးပြီး အင်ကြင်ကျောက်ကို အနည်းဆုံးနှစ် ၇ သန်းရှိမယ်လို့ ခန့်မှန်းတာပါ၊ ပြတိုက်တခုခုမှာ ထိန်းသိမ်းပြသထားဖို့ အကြံပြုပါတယ်”ဟု ၎င်းကပြောသည်။

ပေပင်စမ်းကျေးရွာအနီးပတ်ဝန်းကျင်၌ ကျောက်ဖြစ်ရုပ်ကြွင်းများ မကြာခဏတွေ့ရလေ့ရှိပြီး ရှေ့ဦး ဆင်ကြီးများ၏ အံသွား အပိုင်းအစများ၊ ရှေးဦး တောကျွဲနွားအုပ်စုဝင်များ၏ ဦးချိုအပိုင်းအစများ၊ တောဝက်အဆွယ်၊ ကြံ့ဦးချိုနှင့် မိချောင်းမေးရိုး စသည့် ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစများကို တွေ့ရှိခဲ့ကြောင်းလည်း ကွင်းဆင်းလေ့လာသူများက ဆိုသည်။

မကွေးတိုင်း မဲဆန္ဒနယ် ၁ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက “ဒီကျောက်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဘက်ကလည်း စိတ်ဝင်စားလာလို့ ကွင်းဆင်းစစ်ဆေးခဲ့တာပါ၊ ကျနော်တို့ အနေနဲ့တော့ ဒါကို ပြတိုက်တခုခုမှာ ထားပြီး ထိန်းသိမ်းသင့်တယ်လို့ထင်တယ်၊ ဒါက သဘာဝအမွေ အနှစ်လည်းဖြစ်လို့ပါ”ဟု ပြောသည်။

ကွင်းဆင်းလေ့လာတွေ့ရှိချက် အစီအရင်ခံစာအား နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ထံ တင်ပြသွားမည်ဖြစ်ပြီး ဗိဿနိုးပြတိုက်၊ နေပြည်တော်ရှိ ယဉ်ကျေးမှုပြတိုက်နှင့် မကွေး တက္ကသိုလ်စသည့် တနေရာရာ၌ ထားရှိပြသနိုင်ရန် အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း ဦးလှဆန်းက ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်းက ဒေသခံများက စတင်တွေ့ရှိခဲ့ဲခြင်းဖြစ်ပြီး နွားထိုးကြီးမြို့အခြေစိုက် အင်ကြင်း ကျောက် လုပ်ငန်း လုပ်ကိုင်သည့် Tree Jade ကုမ္ပဏီမှ ပိုင်ဆိုင်ကာ သယ်ယူခွင့်အတွက် နိုင်ငံတော် သို့ အခွန်အခများ ပေးချေခဲ့ပြီဖြစ် ကြောင်း၊ သို့သော် ဝေဖန်မှုများကြောင့် တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရကြောင်း Tree Jade ကုမ္ပဏီထံမှ သိရသည်။

“ကျနော်တို့က တရားဝင်ကုမ္ပဏီပါ၊ ဒီကျောက်ကို နိုင်ငံခြားကို ရောင်းမှာလည်းမဟုတ်ပါဘူး၊ ကျနော် တို့ အင်ကြင်းဥယျာဉ် မှာပဲ ပြသထားမှာပါ၊ ကျနော်တို့ အစီအစဉ်ထက် ကောင်းတဲ့သူရှိရင်လည်း ဆက်သွယ်ပါ၊ ညှိနှိုင်းပြီး ကျောက်ကို လွှဲပေးပါမယ်”ဟု Tree Jade မှ ဦးမင်းရွှေက ပြောသည်။

ကျောက်တူးဖော်ရေးအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိပြီးဖြစ်သည့်အပြင် ကျောက်အမျိုးအစားမှာ စတုတ္ထတန်း အဆင့်အမျိုးအစား ကျောက်သာဖြစ်ပြီး ပေအရှည်မှာလည်း တဆက်တည်းရှိနေခြင်း မဟုတ်ကြောင်း၊ အပိုင်း ၂၀ ခန့်ကျိုးနေ သည့် အနေအထားရှိကြောင်း Tree Jade ထံမှ သိရသည်။

ပေပင်စမ်းကျေးရွာသည် မကွေးမြို့နှင့် ၂၂ မိုင်ခန့်ကွာဝေးပြီး ကျေးရွားအနီးတဝိုက်တွင် တူးဖော်တွေ့ရှိ ထားသည့် တိရိစ္ဆာန်မျိုးစုံ ကျောက်ဖြစ်ရုပ်ကြွင်းများအား စုဆောင်းထိန်းသိမ်းထားရှိပြီး နိုင်ငံတော် အစိုးရမှ ထောက်ပံ့မှုများရရှိပါက ပြခန်းအဖြစ် ဖွင့်လှစ်ပြသရန်ပင် ရည်ရွယ်ထားကြောင်း ပေပင်စမ်း ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး ဦးကျော်ငွေက ပြောသည်။

ဦးကျော်ငွေက “ကျနော်တို့ကတော့ ရောင်စားတာထက် နိုင်ငံတော်အစိုးရကနေ ထိန်းသိမ်းထား ရှိမယ် ဆိုရင် ဘာမှပြော စရာမရှိပါဘူး”ဟု ပြောသည်။

အင်ကြင်းကျောက်များမှာ ဧရာဝတီမြစ်ဝှမ်းတလျှောက် ထွက်ရှိလေ့ရှိပြီး အထူးသဖြင့် မန္တလေးတိုင်း ဒေသကြီး နွားထိုးကြီး မြို့နယ်မှ ထွက်ရှိသည့် အင်ကြင်းကျောက်များမှာ သက်တမ်းအားဖြင့် သာမက အရည်အသွေးပိုင်းမှာပါ အကောင်းဆုံးဖြစ် ကြောင်း အင်ကြင်းကျောက်လုပ်ငန်းရှင် ဦးမင်းရွှေကပြောသည်။

Tree Jade ကုမ္ပဏီသည် မကွေးတိုင်းအတွင်းမှ တူးဖော်ရရှိထားသည့် အင်ကြင်းကျောက် ၉၁ တန် ကျော်အား သယ်ယူ ရောင်းချခွင့် အတွက် အစိုးရ၏ ခွင့်ပြုချက်ရရှိထားသည့် ကုမ္ပဏီဖြစ်ကာ အင်ကြင်းကျောက် ၁ မက်ထရစ်တန်လျှင် ဒေါ်လာ ၃၃၀၀ နှုန်းဖြင့် အစိုးရအနေဖြင့် သတ်မှတ်မှုအပေါ် ပေးဆောင်ရမည့်အခွန်များအားလည်း ပေးဆောင်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။

Tree Jade အနေဖြင့် နွားထိုးကြီးမြို့တွင် စားသောက်ဆိုင်နှင့်တွဲလျှက် အင်ကြင်းကျောက်ဥယျာဉ် တခုကိုလည်း ဖွင့်လှစ် ပြသထားပြီး ၎င်းအင်ကြင်းကျောက်နှင့်ပတ်သက်၍ ကုမ္ပဏီမှ တူးဖော်သယ်ယူ ရန် ဆောင်ရွက်မှုအပေါ် လူမှုကွန်ယက် စာမျက်နှာများတွင် ဝေဖန်ပြောကြားမှုများနှင့် လူမျိုးခြား အဖြစ် ပြောဆိုဝေဖန်များကြောင့် ကုမ္ပဏီအနေဖြင့် များစွာနစ်နာခဲ့ရ ကြောင်း၊ လုပ်ငန်းများလည်း နှောင့်နှေးခဲ့ရကြောင်း Tree Jade မှ ဦးမင်းရွှေက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading