သတင်း

KIO ရုံးပိုင် ခြံအတွင်း ရှာဖွေခြင်းမှာ လေယာဉ်ပစ် ကျည်များ ဖမ်းဆီးမှုနှင့် ဆက်စပ်ဟု ရဲတပ်ဖွဲ့ဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပိုင် အိမ်ခြံ ဝင်းအတွင်း ဝင်ရောက်စစ်ဆေးခြင်းမှာ လေယာဉ်ပစ် ကျည်ဆန်များမိထားသည့် အမှုနှင့် ဆက်စပ် သတင်းရရှိခြင်းကြောင့် ဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့၊ ဒုပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး လွင်မောင်သိန်းက ဧရာဝတီကို ပြောသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့သည် ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လည်ပိုင်းတွင် KIO/KIA အဖွဲ့ပိုင် အိမ်သို့ ဝင်ရောက် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ရက်က ကရင်ပြည်နယ် မြဝတီခရိုင် သင်္ကန်းညီနောင်ရှိ နေအိမ်တလုံးကို ကရင်ပြည်နယ် ရဲတပ်ဖွဲက ဝင်ရောက်ရှာဖွေရာ လေယာဉ်ပစ် ကျည် ၁၀၂၀ တောင့်ကို ရှာဖွေ သိမ်းဆည်းခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နေထိုင်နေသည့် ကိုစံလင်း (ခ) ကိုဂျွန် နှင့် ဇနီးတို့ကိုလည်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ နှစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ထံသို့ ပြန်လည် လွဲပြောင်းပေးကာ မြဝတီမြို့နယ် တရားရုံးတွင် လက်နက်ဥပဒေ ၁၉ (က) ဖြင့် တရားစွဲ စစ်ဆေးကြောင်း၊ သက်သေများအား စစ်ဆေး ချက်များအရ နောက်ဆက်တွဲ လက်နက်များ ရှိနိုင်သည်ဟု သတင်းကြောင့် မြစ်ကြီးနားမြို့ရှိ အထက်ပါ KIO ခြံဝင်းသို့ သွားရောက်ရှိဖွေခြင်း ဖြစ်ကြောင်း၊ ရှာဖွေစဉ် ၎င်းခြံမှာ KIO အဖွဲ့ပိုင်ဆိုင်သည်ဟု မသိ ကြောင်း၊ KIO ရုံး၏ အနောက် ဘက်ရှိ အိမ်ခြံဝင်းတခုသာ ဖြစ်သည်ဟု သိကြောင်း ရဲမှူးကြီး လွင်မောင်သိန်းက ရှင်းပြသည်။

“သူတို့ ထွက်ဆိုချက်တော့ မဟုတ်ဘူး၊ သူနဲ့ ပတ်သတ်သူတချို့၊ သိသူတွေရဲ့ သတင်းစကားက လက်နက်တွေ ခဲယမ်းတွေ သိမ်းထားဝှက်ထားနိုင်တယ် ဆိုတဲ့ သက်သေ စစ်ဆေးချက်တွေအရပါ။ သူတို့ကတော့ ဝန်ခံချက်ပေးမ ထားပါဘူး၊ အဲဒီလိုထားနိုင်တယ်ဆိုပြီး စောစောက ရုံးနောက်က အိမ်ကိုရှာတာပါ၊ ကျနော်တို့က KIO ရုံးဆိုတာ မသိပါဘူး”ဟု ရဲမှူးကြီး လွင်မောင်သိန်းက ပြောသည်။

မြစ်ကြီးနာမြို့ စီတာပူရပ်ကွက်ရှိ KIO ရုံးပိုင်မြေ ခြံဝင်းအတွင်း ရဲတပ်ဖွဲ့များ ဝင်ရောက်ရှာဖွေစဉ် (Hkun Awng Nlam Facebook မှ ကူးယူဖော်ပြသည်)

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့သည့် နေရာသည် ၁၉၉၄ ခုနှစ်က အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ အစည်း (KIO) တို့ အကြား အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုစဉ်က ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် စစ်အစိုးရ လက်ထက်က ပေးထားသည့် KIOပိုင် မြေနေရာ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တပ်မတော်နှင့် KIOတို့အကြား တိုက်ပွဲများ ပြန်ဖြစ်ပွားပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြား သွားပြီး နောက် ၂၀၁၃ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ပြန်ဆွေးနွေးကြရာ ထိုဆက်ဆံရေးရုံးနေရာ ကို KIO၏ ငြိမ်းချမ်းရေးဆောင်ရွက်ရာ၌ ကူညီနေသည့် နည်းပညာ အထောက်အကူပြုအဖွဲ့ (TAT) ၊ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ လျော့ချရန် ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ (CRT) ရုံးအဖြစ် ပြောင်းလဲ ဖွင့်လှစ်ထားပြီးဖြစ်သည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့သည့် နေရာသည် KIO ပိုင်မြေဖြစ်သော်လည်း TAT နှင့် CRT ရုံးတို့ ဖွင့်လှစ်ထားသည့် ခြံဝင်းအတွင်း မဟုတ်ဘဲ ထိုခြံဝင်း၏ အနောက်ဘက်တွင် ရှိသည့် သီးခြားခြံဝင်း တခု ဖြစ်သည်။

ထိုခြံဝင်းတွင် TAT နှင့် CRT တို့မှ ဝန်ထမ်းများ နေထိုင်ပြီး TAT နှင့် CRT မှ ရုံးသုံး မီးစက်များ၊ ပစ္စည်းများ ကို ထားသည့် ဂိုဒေါင်လည်း ရှိသည်။

TAT မှ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက“တခါတည်း ဝင်စီးတဲ့ပုံစံပဲ။ ဘာမှတောင် မပြောပဲ စတိုခန်း၊ ဂိုဒေါင်၊ မီးစက် ခန်း၊ ရေစင်၊ ရေကန်၊ အိမ်သာ၊ အပေါ်ထပ်၊ အောက်ထပ် တခါတည်းဝင်ရှာတာ။ နေ့လည် ၁နာရီ ၂၀မိနစ်မှာ ဝင် တယ်။ ၂နာရီခွဲမှာ ပြီးသွားတယ်။ ဘာမှ မေးမြန်းခြင်းလည်း မရှိဘူး။ ခြံဝင်းအတွင်း ဝင်သွားတဲ့ အင်အားနဲ့ အပြင်မှာ လုံခြုံရေး ယူထားတာ ၅၀ လောက်ရှိတယ်။ ရုံးက လူတွေလည်း လန့်တာပေါ့။ တခါမှ မကြုံဖူးဘူးလေ”ဟု ပြောသည်။

TAT မှ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ကို ဆက်သွယ်ရာ PCG မှ လာရောက် ညှိနှိုင်း ပြီး ရဲတပ်ဖွဲ့ကို မေးမြန်းသည့်အခါ ကရင်ပြည်နယ်တွင် မိသည့် လေယာဉ်ပစ်ကျည်အမှုနှင့် ဆက်စပ်၍ ရှာဖွေခြင်း ဖြစ်ကြောင်း၊ ရှာဖွေပြီး မည့်သည့်လက်နက်မှ မတွေ့သည့်နောက်တွင် မူးယစ်ဆေး ကင်းစင် ကြောင်း အတည်ပြုပေးသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ပြန်သွားသည်ဟု ဦးဒေါင်ခါးက ပြောသည်။

ဦးဒေါင်ခါးက “ဒီတခေါက် လုပ်တာက မသိပဲနဲ့ လုပ်လုပ် သိလျက်သားနဲ့ လုပ်လုပ် အခြေအနေအရ ကြောင့်ပဲ လုပ်လုပ် ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး”ဟုလည်း ပြောသည်။

PCG မှ ဦးလမိုင်ဂွမ်ဂျာကလည်း လာရောက်ရှာဖွေသည့် ရုံးတွင်း ရှိနေသူများကို ဆက်သွယ်ပြောဆို ခြင်း မရှိပဲ ဗြုန်းစားကြီး ဝင်ရောက်ရှာဖွေသဖြင့် အထိတ်တလန့်ဖြစ်ကုန်ကြောင်း၊ ၁၉၉၄ ခုနှစ် ကတည်းက မြန်မာ့ဦးပိုင်မှ KIOကို ရုံးဖွင့်ရန် ပေးထားပြီးဖြစ်သည်ကို ရဲတပ်ဖွဲ့က မသိရှိပါဟု ပြောဆိုသည့်အပြင် ရှာဖွေရာတွင်လည်း ဝရမ်းများ၊ ရှာဖွေခွင့်များ ပါမလာကြောင်း ပြောသည်။

ရဲမှူးကြီး လွင်မောင်သိန်းက “ကျနော်တို့က ရုံးမြေလို့ မသိဘူး။ ရုံးနောက်က အိမ်လို့ပဲ ကရင်ပြည်နယ် က စစ်ဆေးပေါ်ပေါက်ချက်အရ သိရတာ။ နောက်တချက်က ကျနော်တို့ ဝရမ်းမလို ပါဘူး။ ခရိုင်မှူး၊ ဒုရဲမှူးကြီး အဆင့်တွေပါတဲ့အတွက် ရှာဖွေတာ ဝရမ်းမလိုပါဘူး။နေ့အချိန်ရှာတာလည်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ဝင်ရောက်ရှာဖွေရာတွင် မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ နယ်မြေရဲ စခန်း၊ စီတာပူ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နယ်မြေမှူးများနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များဖြင့် လာရောက် ရှာဖွေ ခဲ့ခြင်း ဖြစ်သည်ဟုလည်း ရဲမှူးကြီး လွင်မောင်သိန်းက ပြောသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းကာ လက်နက်ဥပဒေဖြင့် တရားစွဲ ဆိုထား သည့် ကိုစံလင်း(ခ) ကိုဂျွန်နှင့် ဇနီးတို့သည် လေယာဉ်ပစ်ကျည်များသည် ၎င်းတို့ ကျည်များ မဟုတ်ကြောင်း တရားခွင် တွင် ငြင်းဆိုနေဆဲ ဖြစ်ကြောင်း၊ ကျည်များ မိသည့် သင်္ကန်း ညီနောင်ရှိ အိမ်သည် ၎င်းတို့ ၂ဦး နေထိုင်ခြင်းမရှိဘဲ ကရင် လူမျိုး အဖိုးကြီးလင်မယား ၂ဦးကို ငှားရမ်းထားခဲ့ခြင်း ဖြစ်ကြောင်း၊ ထို၂ဦး မငှားတော့သည့် နောက်တွင် အိမ်ကို သော့ခတ်ထားခြင်း ဖြစ်ကြောင်းသာ ထွက်ဆိုထားကြောင်း၊ သို့သော်လည်း လက်ရှိ ၎င်း ပိုင်ဆိုင်ကာ သော့ခတ်ထား သည့် အိမ်အတွင်း တွေ့သဖြင့် အိမ်ပိုင်ရှင်များကသာ ဖြေရှင်းရမည့် ဝတ္တရားရှိသည်ဟုလည်း ရဲမှူးကြီး လွင်မောင်သိန်း က ပြောသည်။

ဆက်စပ်ဖတ်ရှု့ရန် – လေယာဉ်ပစ်ကျည်များ တွေ့ရှိမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading