ဩဂုတ်လက နယ်ခြားစောင့်တပ်များနှင့် ARSA စစ်သွေးကြွများ အကြား တိုက်ပွဲနှင့် ပတ်သက်သည့် ပြည်တွင်း လုံခြုံရေး အစီရင်ခံစာများ ပိုင်ဆိုင်သည်ဟု စွပ်စွဲပြီး Reuters သတင်းဌာနမှ သတင်းထောက် ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေဖြင့် ဖမ်းဆီးလိုက်သည်ဟု သိရသည်။
ဒေသခံ သတင်းထောက်များဖြစ်ကြသော ဦးသက်ဦးမောင် ခေါ် ဝလုံးနှင့် မိုးအောင်ခေါ် ဦးကျော်စိုးဦး တို့ကို ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်မြောက်ပိုင်းရှိ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ရဲစခန်းက ဖမ်းဆီးခဲ့သည်ဟု ဧရာဝတီက ကြည့်ရှုခွင့်ရသော ရဲအစီရင်ခံစာက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောရှိ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သြဂုတ်လ ၂၇ ရက်နေ့ လုံခြုံရေးဆိုင်ရာ အစီရင်ခံစာကို အသက် ၃၁ ရှိ ကိုဝလုံး ထံတွင် တွေ့ရသည်ဟု ရဲအစီရင်ခံစာက ဆိုသည်။ နယ်ခြားစောင့်တပ်ဖွဲ့၏ အစီရင်ခံစာတွင် တိုက်ပွဲများအပြီး တပ်ဖွဲ့ဝင် အရေအတွက်နှင့် လက်ကျန် ခဲယမ်းမီးကျောက်များကို ဖေါ်ပြထားကြောင်း ဆိုသည်။
ARSA သည် သြဂုတ်လ ၂၅ ရက်နေ့တွင် လုံခြုံရေးစခန်း ၃၀ ကို တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအပြီးတွင် နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း အစိုးရတပ်များသည် အရပ်သားများကို အငြင်းပွားဖွယ်ရာ သတ်ဖြတ်၊ အဓမ္မပြုကျင့်ပြီး ၎င်းတို့၏နေအိမ်များကို မီးရှို့သည်ဟူသော နိုင်ငံတကာ စွပ်စွဲချက်များ ပေါ်ပေါက်လာသည်။ မြန်မာအစိုးရက နောက်ပိုင်းတွင် ARSA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။
သြဂုတ်လ ၂၅ ရက်နေ့က မြင်းလွတ်ကျေးရွာရှိ ရဲကင်းကို ARSA ၏ တိုက်ခိုက်မှု အစီရင်ခံစာ၊ ထိုရဲကင်း၏မြေပုံနှင့် မီးလောင်ကျွမ်းသွားသော အိမ်အရေအတွက်ကို ဖော်ပြထားသော အခြား အစီရင်ခံစာ တစောင်တို့ကို ကိုမိုးအောင်ထံမှ တွေ့သည်ဟု ရဲတပ်ဖွဲ့ အစီရင်ခံစာက ဆိုသည်။
ထောက်ကြံ့ ရဲစခန်းသည် ထိုသတင်းထောက် ၂ ဦးကို ၁၉၂၃ ခုနှစ် နိုင်ငံတော် လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၃ အရ “နိုင်ငံတော်၏ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းရယူခြင်း”ဖြင့် စွပ်စွဲကာ အမှုဖွင့်ထားသည်။ ထိုအမှုသည် အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်။
ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ခင်ပွန်းဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အကြောင်းကြားခြင်းမရှိဟု ဆိုသည်။ သို့သော် Reuters သတင်းဌာနရှိ အခြားသော လုပ်ဖေါ်ကိုင်ဖက်များက ပြောသောကြောင့် သိရကြောင်း ပြောသည်။
“Reuters သတင်းဌာန သတင်းထောက် ဝလုံး နှင့် ကျော်စိုးဦးတို့ အင်္ဂါနေ့ညက စပြိးပျောက်ဆုံးနေတယ်။ ကျနော်တို့လူပျောက်တိုင်ထားပြီး သူတို့ကိုရှာဖို့ တတ်နိုင်သမျှ အကုန်လုပ်နေတယ်” ဟု Reuters သတင်းဌာနပြောခွင့်ရသူတဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။
မကြာသေးမီက TRT World မှ နိုင်ငံခြားသတင်းထောက် ၂ ဦးတို့သည်လည်း နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံအနီးတွင် မောင်းသူမဲ့လေယာဉ် လွှတ်တင်သောကြောင့် လေကြောင်းဥပဒေအရ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
လွန်ခဲ့သော ဇွန်လကမူ တပ်မတော်သည် ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းသမား ၃ ဦးကို ရှမ်းပြည်မြောက်ပိုင်းတွင် မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၂ လကြာ ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။