နှစ်နိုင်ငံချစ်ကြည်ရေး ရည်ရွယ်လျက် မန္တလေးတိုင်း ဒေသကြီး အစိုးရသည် ထိုင်းနိုင်ငံမှ ဓမ္မကာယ ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ သံဃာ့ပူဇော်ပွဲ တရပ်ကို မန္တလေး ချမ်းမြသာစည် လေဆိပ်တွင် ဇန်နဝါရီလ ၂၁ ရက်တွင် ပူဇော်ပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ယင်းအလှူပွဲသို့ မန္တလေးတိုင်း ဒေသကြီး အတွင်းမှ သံဃာ အပါးရေ ၂ သောင်းနှင့် ထိုင်းနိုင်ငံမှ သံဃာအပါးရေ ၆၀ ပင့်ဆောင်ရန် ရည်မှန်းထားကြောင်း သိရသည်။
အလှူပွဲကျင်းပရေး ကော်မတီတွင် သာသာနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများ ပါဝင်သည်။ ယင်းကော်မတီ၏ အဆိုအရ မန္တလေးတွင် ထိုင်းသံဃာတော် များနှင့် အတူ ယခုကဲ့သို့ စုပေါင်းအလှူပွဲ ကျင်းပခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်သော်လည်း ဒေသခံ သံဃာ အများအပြားအား စုံညီပင့်ဖိတ် ပူဇော်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်မည်ဟု ဆိုသည်။
“ဒီပွဲအတွက် သံဃာတွေ မန္တလေးမှာ စုဝေးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ကျနော်တို့ အနေနဲ့ ဒီလောက်သံဃာ အင်အား များများပြားပြား တခါမှ မစုဝေးဖူးလို့ ဖြစ်ပါတယ်” ဟု ကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။
“ဒီပွဲဟာ မြန်မာနဲ့ထိုင်း ချစ်ကြည်ရေး ခိုင်မြဲစေရုံသာ မကဘဲ ဗုဒ္ဓယဉ်ကျေးမှုကို တိုင်းပြည်တွင်းမှာ ထိန်းသိမ်းတဲ့ သဘောလည်း ပါပါတယ်။ မန္တလေးဟာ ဗုဒ္ဓဘာသာအတွက် အချက်အချာကျတဲ့ နေရာဖြစ်တဲ့ အတွက် မန္တလေးအတွက်လည်း သမိုင်းဝင် မှတ်တမ်း ကျန်စေမယ့် အလှူပွဲဆိုရင်လည်း မမှားပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထိုင်းဓမ္မကာယ ဘုန်းတော်ကြီးကျောင်း၏ အစိတ်အပိုင်းဖြစ်သော ဓမ္မကာယ ဖောင်ဒေးရှင်းက အဆိုပါ အလှူပွဲအတွက် ငွေကျပ် ၄၀၀,၀၀,၀၀၀ ကျပ် (ဒေါ်လာ ၂၉၃၀၀) လှူဒါန်းကြောင်း ကော်မတီထံမှ သိရသည်။
“အခုဆိုရင် ကျနော်တို့ ချမ်းမြသာစည် လေဆိပ်မှာ ရှင်းလင်းရေး လုပ်နေပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ တံတားဦးကို လေဆိပ် ပြောင်းသွားပြီး ကတည်းက ချမ်းမြသာစည်လေဆိပ်ကို မသုံးဘဲ ထားတာ ဆယ်စုနှစ် တခုကြာပြီမို့ပါ။ ကျနော်တို့ ဝန်ကြီးချုပ် ကလည်း လမ်းပိတ်ဆို့မှု ရှောင်ရှားနိုင်အောင် ဒီနေရာကို ရွေးလိုက်တာ ဖြစ်ပါတယ်” ဟု ဦးစိုးလင်းက ပြောသည်။
သံဃာ ၁ သိန်းကို လှူဒါန်းပူဇော်ခဲ့သည့် ပထမဆုံး အကြိမ် အလှူအခမ်းအနား ကျင်းပခဲ့စဉ်က ထိုင်းဓမ္မကာယ ကျောင်းတိုက်မှ ပဓာနနာယက (ကျောင်းထိုင်) ဆရာတော်နှင့် ပူးပေါင်း၍ မန္တလေးမြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလက ကျင်းပခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆရာတော်ကို ထိုင်းအစိုးရက ငွေကြေး ခဝါချမှုဖြင့် အလိုရှိနေသည်။
ပင့်ဖိတ်ထားသည့် သံဃာတော် တပါးလျှင် အနည်းဆုံး ၃ သောင်းကျပ်လှူဒါန်းရန် စီစဉ်ထားပြီး မည်သူမဆို ကုသိုလ်ပါဝင်နိုင် ကြောင်း ကျင်းပရေးကော်မတီက ပြောသည်။
ပါဝင်လှူဒါန်းလိုသူ စေတနာရှင်များ အနေဖြင့် ဇန်နဝါရီလ ၁၅ ရက်ထက် နောက်မကျစေဘဲ မန္တလေးရှိ ကျင်းပရေး ကော်မတီနှင့် ဆက်သွယ်နိုင်ကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Mandalay to Invite 20,000 Monks for Merit Making ကို ဘာသာပြန်သည်။)