ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ Reuter သတင်းဌာန၏ ဌာနေသတင်းထောက်နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုအပေါ် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် မြန်မာ သတင်းမီဒီယာ အဖွဲ့အစည်း ၁၂ ဖွဲ့က တောင်းဆိုလိုက်သည်။
သတင်းသမားများအနေဖြင့် “သတင်းပြည့်စုံ မှန်ကန်စွာ တင်ပြနိုင်ရန် သတင်းနှင့် ဆက်စပ်သည့် အချက်အလက်များကို မေးမြန်းစုဆောင်းခွင့် ရှိသည်” ဟု ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရသည့် ဖြစ်စဉ်အပေါ် ပွင့်လင်းမြင်သာစွာ ရှင်းပြရန်နှင့် ဖမ်းဆီးခံ သတင်းသမားများကို လွှတ်ပေးရန် တောင်းဆိုကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
ပူးတွဲကြေညာချက်တွင် ပါဝင်သော မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) မှ အမှုဆောင်အဖွဲ့ဝင် ဦးမြင့်ကျော်က “တရားဥပဒေစိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာဖို့ တောင်းဆိုတာပါ၊ အခုက စွပ်စွဲချက်တွေနဲ့ပဲ ဖမ်းဆီးတာက မမျှတပါဘူး၊ ဒါက သတင်းလွတ်လပ်ခွင့်အတွက်ရော နိုင်ငံအတွက်ပါ မကောင်းပါဘူး ”ဟု ပြောသည်။
မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာတွင် စာရွက်စာတမ်းများ၊ မိုဘိုင်းဖုန်းများနှင့် ပိုက်ဆံများ ခင်းကျင်းပြသထားသည့် စားပွဲတလုံး နောက်တွင် မတ်တပ်ရပ်နေသည့် လက်ထိပ်ခတ်ခံထားရသော သတင်းထောက် ၂ ဦး၏ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး ၎င်းတို့သည် “ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့သည်”ဟု ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး မိုးရန်နိုင် နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးထားပြီး ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မအရလည်းကောင်း၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရလည်းကောင်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ရိုက်တာသတင်းဌာနကမူ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ နှစ်ဦးသည် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက “ရဲအရာရှိများနှင့် တွေ့ဆုံပြီး ညစာစားရန် ဖိတ်ကြားခံရအပြီး” နောက်ပိုင်း အဆက်အသွယ် ပြတ်တောက်သွားကြောင်း ရေးသားခဲ့သည်။
ရိုက်တာသတင်းဌာနမှ ဒရိုင်ဘာ ဦးမျိုးသန့်ထွန်းက ၎င်းတို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်ရှိ ရဲတပ်ရင်း ၈ အနီး ည ၈ နာရီတွင် ချထားပေးခဲ့ပြီး ရဲအရာရှိ ၂ ဦးနှင့်အတူ အနီးရှိ စားသောက်ဆိုင်သို့ ထွက်သွားကြောင်း၊ ကားရှိရာသို့ သတင်းထောက် ၂ ဦး ပြန်ရောက်မလာတော့ကြောင်း သတင်းက ဆိုသည်။
“ရိုက်တာရဲ့ သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့က မြန်မာနိုင်ငံက ကမ္ဘာအတွက်အရေးပါတဲ့ အဖြစ်အပျက်တွေကို သတင်းပို့ခဲ့ကြပါတယ်။ ကျနော်တို့ ဒီနေ့သိရတာကတော့ သူတို့ဟာ သူတို့ရဲ့ အလုပ်နဲ့ ဆက်နွယ်ပြီး အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်” ဟု ရိုက်တာ၏ ဥက္ကဌ နှင့် အယ်ဒီတာချုပ် Stephen J. Adler က ကြေညာချက်တစောင် ထုတ်ပြန်သည်။ “စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ် အခုလိုပြောင်ပြောင်တင်းတင်း တိုက်ခိုက်မှုကြောင့် ကျနော်တို့ စိတ်ပျက်ဒေါသ ဖြစ်ရပါတယ်။ သူတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုပါတယ်” ဟု သူက ပြောသည်။
သတင်းထောက် ၂ ဦး အား ဖမ်းဆီးထားသည်ဟု အစိုးရမှ သတင်းထုတ်ပြန်ထားသော်လည်း ယနေ့ နေ့လည်ပိုင်းအထိ မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မိသားစုထံ အဆက်အသွယ် လုံးဝ မလုပ်သေးပါ။
မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များကလပ် (The Foreign Correspondents Club of Myanmar) က ဖမ်းဆီးခံ ရသည့် သတင်းကြောင့် အထူးပင် တုန်လှုပ်မိကြောင်း နှင့် စာနယ်ဇင်းသမားများ သူတို့၏ စာနယ်ဇင်း အလုပ်ကို လုပ်နေ စဉ် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည့်အတွက် မြန်မာနိုင်ငံ၏ စာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေအပေါ် အလွန်စိုးရိမ်မိ ကြောင်း ပြောကြားခဲ့သည်။
အာဏာပိုင်များက ဖမ်းဆီးခံရသူများကို သူတို့၏ မိသားစုများနှင့် တတ်နိုင်သမျှ အမြန်ဆုံး တွေ့ဆုံခွင့် ပြုရန်လည်း တောင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် တပ်မတော်၏ နယ်မြေရှင်းလင်း လုံခြုံရေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြောင်း နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများ မြှင့်တက်နေချိန်တွင် ရခိုင်အရေး သတင်းယူသည့် သတင်းထောက်နှစ်ဦးအား ဖမ်းဆီးမှုများကြောင့် အစိုးရ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေနိုင်ပြီး သတင်းလွတ်လပ်ခွင့်ကိုလည်း ခြိမ်းခြောက်ရာရောက်နေကြောင်း ပြည်တွင်းသတင်းမီဒီယာအဖွဲ့အစည်းများကလည်း ဝေဖန်ပြောကြားသည်။
“သတင်းသမားဟာ သတင်းအရင်းအမြစ်ဆီက သတင်းအချက်အလက်တွေ ရယူမှာဖြစ်တယ်။ ရဲတပ်ဖွဲ့ကနေ ခေါ်ပြီး ဒီကိစ္စတွေပေးမယ်ဆို သတင်းသမားက သွားတွေ့မှာဖြစ်သလို လက်ခံယူလာခဲ့မှာသာ ဖြစ်တယ်” ဟု မြန်မာ့သတင်းပညာသိပ္ပံမှ ဦးစိန်ဝင်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသည်။ ထို့ပြင် ယခုကိစ္စသည် နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှု မြောက် မမြောက် “အခု ပြဿနာဖြစ်တဲ့ အထောက်အထားတွေက တကယ်ကော အရေးကြီး စာရွက်စာတမ်း လျှို့ဝှက်အဆင့် Classified ရှိရဲ့လား”ဟု မေးခွန်း ထုတ်ထားသည်။
ဧရာဝတီက ကြည့်ရှုခွင့်ရသော ရဲအစီရင်ခံစာက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောရှိ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သြဂုတ်လ ၂၇ ရက်နေ့ လုံခြုံရေးဆိုင်ရာ အစီရင်ခံစာကို အသက် ၃၁ ရှိ ကိုဝလုံး ထံတွင် တွေ့ရသည်ဟု ဆိုသည်။ နယ်ခြားစောင့်တပ်ဖွဲ့၏ အစီရင်ခံစာတွင် တိုက်ပွဲများအပြီး တပ်ဖွဲ့ဝင် အရေအတွက်နှင့် လက်ကျန် ခဲယမ်းမီးကျောက်များကို ဖေါ်ပြထားကြောင်း ဆိုသည်။
သြဂုတ်လ ၂၅ ရက်နေ့က မြင်းလွတ်ကျေးရွာရှိ ရဲကင်းကို ARSA ၏ တိုက်ခိုက်မှု အစီရင်ခံစာ၊ ထိုရဲကင်း၏ မြေပုံနှင့် မီးလောင်ကျွမ်းသွားသော အိမ်အရေအတွက်ကို ဖော်ပြထားသော အခြား အစီရင်ခံစာ တစောင်တို့ကို ကိုမိုးအောင်ထံမှ တွေ့သည်ဟု ရဲတပ်ဖွဲ့ အစီရင်ခံစာက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရခြင်းကို တုန့်ပြန်သည့် သြဂုတ်လ အတွင်းက စစ်ဆင်ရေးများကို ကုလသမဂ္ဂက “လူမျိုးဖြုတ်ရှင်းလင်းခြင်း” ဟု ပြစ်တင်ရှုံ့ချခဲ့သလို ထွက်ပြေးလာသူများကလည်း လုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်မတော်နှင့် အရပ်သား အစိုးရတို့က စာနယ်ဇင်းသမား နှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ အများအပြားတို့ကို ထိုဒေသအတွင်းသို့ လွတ်လပ်စွာ သွားလာခွင့် တားမြစ်ပိတ်ပင်ထားသည်။
စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီ (Committee to Protect Journalists) မှ အကြီးတန်း ကိုယ်စားလှယ်တဦး ဖြစ်သော Shawn Crispin က သတင်းထောက်များကို “ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်” တောင်းဆိုလိုက်သည်။
“ဒီဖမ်းဆီးမှုတွေဟာ ကမ္ဘာ့အဆင့် အရေးပါတဲ့ သတင်းတခုကို ရယူနေတဲ့ သတင်းထောက်တွေရဲ့ စွမ်းဆောင်ရည် အပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနေပြီး ကျယ်ပြန့်လာနေတဲ့ ဖြိုခွင်းမှုတခုအတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
မကြာသေးမီက TRT World မှ နိုင်ငံခြားသတင်းထောက် ၂ ဦးတို့သည်လည်း နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံအနီးတွင် မောင်းသူမဲ့လေယာဉ် လွှတ်တင်သောကြောင့် လေကြောင်းဥပဒေအရ ထောင်ဒဏ်များ ချမှတ်ခံထားရသည်။
လွန်ခဲ့သော ဇွန်လကမူ တပ်မတော်သည် ဧရာဝတီ သတင်းဌာနနှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းသမား ၃ ဦးကို ရှမ်းပြည်မြောက်ပိုင်းတွင် မတရားသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခဲ့ပြီး ၂ လကြာ ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ယခု ဖမ်းဆီးမှုသည် “သမားရိုးကျမဟုတ်သော ဖမ်းဆီးခြင်း”ဟု ဆိုထားပြီး ဖမ်းဆီးမှုကို ပွင့်လင်းမြင်သာစွာ ရှင်းပြပေးရန်နှင့် သတင်းထောက်များနှင့် တွေ့ဆုံခွင့်ပေးရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့သည်။
“ဒီမိုကရေစီတစ်ရပ် အောင်မြင်စေရေးအတွက် သတင်းထောက်များအနေဖြင့် လွတ်လပ်စွာ သတင်းရယူရေးသားနိုင်ရန် လိုအပ်ပါသည်” ဟု အမေရိကန်သံရုံးက ထုတ်ပြန်ရေးသားသည်။
အမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် သတင်းထောက်နှစ်ဦးအား ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ် တရားရုံးတွင်း ရုံးထုတ်ကာ ချုပ်ရက်ရမန်ရယူခဲ့ပြီး အခြားအရေးယူခံရသည့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပတ်သက်၍ တိကျစွာ သတင်းထုတ်ပြန်မှု မရှိသေးပေ။