သတင်း

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အပြီးသတ်လျှောက်လွှာတင်သွင်းမည်

Want create site? Find Free WordPress Themes and plugins.

ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန်အတွက် အပြီးသတ်လျှောက်လွှာကို လာမည့် ၂၀၁၈ ခုှစ် ဇန်နဝါရီလ ၂၄ ရက်တွင် တင်သွင်းမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ဦးအောင်အောင်ကျော်က “ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ချင်လို့အတွက် စာရင်းတင်သွင်းတာပါ။ လျှောက်လွှာတင်ပြီးရင် သူတို့က လိုအပ်တဲ့စစ်ဆေးမှုတွေ လုပ်မယ်။ စစ်ဆေးမှုတွေ လုပ်ပြီးရင် ၂၀၁၉ ဇွန်၊ ဇူလိုင်ပတ်ဝန်းကျင်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ဆုံးဖြတ်ပေးမယ်”ဟု ပြောသည်။

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဥမင်များ၊ ဘုရားပုထိုးစေတီများ၊ မြို့ရိုးများ၊ ဘုန်းကြီး ကျောင်းများ အပါအဝင် ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၂၂ ပါဝင်ကာ စွယ်တော်လေးဆူကို အဓိကထား တင်သွင်းထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းနယ်မြေကို ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်သင့်၊ မသင့်ကို ယူနက်စကိုမှ ၂၀၁၈ ခုနှစ်အတွင်း စစ်ဆေးပြီး ၂၀၁၉ ခုနှစ် အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်သည်။

“ယူနက်စကိုကို ဝင်ခွင့်ကြိုးစားတဲ့ အခါမှာ ခရီးသွားလုပ်ငန်း တခု အတွက်သာ ဦးစား ပေးပြီး စဉ်းစား တာမျိုး မဟုတ်ဘဲနဲ့ ဒေသခံတွေအတွက်ပါ ထည့်သွင်းပြီးတော့ စဉ်းစားသင့်ပါတယ်” ဟု Nature Dream ခရီးသွားလုပ်ငန်း မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က ဧရာဝတီသို့ ပြောသည်။

ပုဂံရှေးဟောင်းနယ်မြေကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ် ဒေသအဖြစ် သတ်မှတ်လိုက်ပါက ဒေသတွင်း ခရီးသွားဝင်ရောက်မှု တိုးတက်လာနိုင်ပြီး ဒေသခံများအတွက်လည်း ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်းကို ဒေါ်စံပယ်အောင်က သုံးသပ်ပြောကြားသည်။

“ကမ္ဘောဒီးယားက အန်းကောဝတ်နဲ့ နှိုင်းယှဉ်ပြောရမယ်ဆိုရင် ယူနက်စကိုဝင်တဲ့ အတွက်ကြောင့်မို့လို့ ဒေသတွင်း ကို ခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ပါတယ်။ အဲဒီတော့ ဒေသခံတွေလည်း မထိခိုက် အောင် ညှိနှိုင်းပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဒေသခံတွေအတွက်လည်း ခရီးသွားတိုးတက်လာရင် သူတို့ အတွက်လည်း ဝင်ငွေတိုးတက်လာနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။

ပုဂံဒေသသို့ နှစ်စဉ် ခရီးသွားဧည့်သည် ၃ သိန်းဝန်းကျင် လာရောက်လေ့ရှိပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ တခုဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading