ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ ရှိရာ နေရာ ၄ ခုကို ယနေ့ နံနက်ပိုင်း ၂နာရီ ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်သည်ဟု KIA က ဧရာဝတီကို ပြော သည်။
ပစ်ခတ်ခံခဲ့ရသည့် နေရာများသည် KIA ဌာနချုပ် လုံခြုံရေးနယ်မြေ၊ မန်စီမြို့နယ် အတွင်းရှိ KIA တပ်မဟာ(၃) လက်အောက် ခံ တပ်ရင်း (၁) နှင့် တပ်ရင်း (၁၅ )၊ တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) နေရာ တို့တွင် ဖြစ်သည်ဟု KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပြသည်။
ဗိုလ်မှူးကြီး နော်ဘူက “၂နာရီလောက်မှာ မုန်လိုက်ဂျယ် (Mung Lai Hkyet) နားမှာ လက်နက်ကြီး ၃ကြိမ် ကျတယ်။ ဘယ်လို ကြောင့် ပစ်တယ်တော့ မသိဘူး။ အရင်ရက်တွေက ပစ်ခတ်မှုလည်း အဲ့ဒီဘက်မှာ မရှိဘူး။ အဲ့ဒီ လက်နက်ကြီး ကျတဲ့ နေရာက ဌာနချုပ် လုံခြုံရေး နယ်မြေထဲမှာပါ။ နောက် တချိန်တည်းပဲ ကျန်တဲ့ နေရာတွေမှာလည်း တပ်မတော် ဘက်က ပစ်တယ်။ ဒီလိုပစ်ခတ်တာကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်က တခုခုပြင်ဆင်နေပြီ ဆိုတဲ့ သဘောပဲ”ဟု လည်း ပြောသည်။
လက်နက်ကြီး ပစ်ခတ်ခံရသည့် နေရာများ အနက် တနိုင်းမြို့နယ်ရှိ တပ်ရင်း (၁၄) မှလွဲ၍ ကျန်နေရာ ၃နေရာသည် ပစ်ခတ် မှု များ၊ စစ်ရေး တင်းမာမှုများ မရှိသည့် နေရာများ ဖြစ်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောဆို သည်။
တနိုင်းမြို့နယ်တွင် တပ်မတော်နှင့် KIA ကြား မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေသည့် အခြေအနေ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီးနော်ဘူက “ဒီမနက်မှာတော့ အားလုံးက ပုံမှန်ပဲ။ ထူးခြားတာတော့ မရှိသေးဘူး။ အခုလို ရုတ်တရတ် ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး KIO ဘက်ကတော့ လောလောဆယ် သုံးသပ်ချက် ပေးနိုင်တာ မရှိသေးပါ ဘူး”ဟု လည်း ပြောသည်။
ဧရာဝတီက တပ်မတော်ဘက်မှ ပြောရေးဆိုခွင့် ရှိသူများကို ဆက်သွယ်ရာ ဆက်သွယ်၍ မရပါ ။
သို့သော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၁ရက်မှ ယနေ့ထိ KIA နှင့် ပတ်သက်၍ သတင်း ထုတ်ပြန် ချက် ၅ ခု ထုတ်ထားပြီး ထိုထုတ်ပြန်ချက် အားလုံးသည် KIA မှ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲပြီး ဒေသခံများကို ထိမှန်သည့် သတင်းများသည်။
ဒီဇင်ဘာလ ၉ ရက်တွင် ဖားကန့်မြို့နယ်အတွင်း ဝါးခုတ်သည့် ဒေသခံတဦး၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့အတွင်း ဟင်းရွက်ခူး၊ ငါးရှာသည့် ဒေသခံ ၄ဦး၊ ဒီဇင်ဘာလ ၁၁ ရက်တွင် မိုးညှင်းမြို့နယ်၌ ကြိမ်ခုတ်နေ သည့် ဒေသခံတဦး၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ဗန်းမော်မြို့နယ် အတွင်း ဒေသခံတဦးတို့ KIA ထောင်ထားသည့် မိုင်းများ ပေါက်ကွဲပြီး ဒဏ်ရာရရှိထားသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဒီဇင်ဘာလ ၁၃ ရက် ရက်စွဲဖြင့်လည်း ကာမိုင်းမြို့နယ်မှ ဖားကန့်မြို့နယ်သို့ သွားသည့် ကားလမ်းပေါ်တွင် KIA ထောင် ထား သည့် မိုင်း ၂လုံး ပေါက်ကွဲသဖြင့် ခရီးသွား ၃ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကန်ပိုက်တည် မြို့နယ်ခွဲတွင်လည်း KIA ထောင်ထားသည့် မိုင်း နင်းမိသဖြင့် တောင်ယာမှ ပြန်လာသည့် ဒေသခံတဦး ဒဏ်ရာရရှိထားသည်ဟု လည်း သတင်း ထုတ်ပြန် ထားသည်။
သတင်း ထုတ်ပြန်ချက် အားလုံးတွင် KIA ကို အကြမ်းဖက် သောင်းကျန်းသူဟု ရေးသားထားသည်။
ဖားကန့်မြို့နယ်အတွင်း မိုင်းပေါက်ကွဲခြင်းနှင့် ပတ်သက်၍ KIA က ထိုဒေသတွင် ၎င်းတို့ တပ်ဖွဲ့များသာ လှုပ်ရှားသည် မဟုတ်ဘဲ တပ်မတော်နှင့် ရှမ်းနီ တပ်ဖွဲ့များလည်း လှုပ်ရှားပြီး မိုင်းထောင်ကြသည်ဟု ပြောသည်။
ဒီဇင်ဘာလ ၁၂ရက်ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ KIO ကို ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် နည်းပညာ အထောက် အကူ ပြုသည့် အဖွဲ့ (TAT) နှင့် ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့ (CRT) ရုံးပိုင် အိမ်ခြံဝင်း အတွင်းသို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေခဲ့ပြီး ထိုသို့ ပြုလုပ်ရခြင်းမှာ ကရင်ပြည်နယ်တွင် မိထားသည့် လေယာဉ်ပစ် ကျည်အမှုနှင့် ဆက်စပ်နေခြင်းကြောင့် ဖြစ်သည်ဟု ကချင်ပြည်နယ် ရဲတပ်ဖွဲ့က ဧရာဝတီကို ပြောဆိုထားသည်။
KIA သည် ၂၀၁၂ ခုနှစ်မှစ၍ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ချုပ် ဆိုရန် ဆွေးနွေးမှုများ၊ စာချုပ်ရေးဆွဲမှုများတွင် ပါဝင်ခဲ့သည်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် တပ်မတော်က KIA ၏ ဗိုလ်လောင်း သင်တန်းကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သင်တန်း တက်ရောက်နေသည့် KIA ၏ မဟာမိတ်ဗိုလ်လောင်း ၂၀ကျော် သေဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်။
၂၀၁၆ ခုနှစ် ဇွန်လတွင်လည်း တပ်မတော်က ဝိုင်းမော်မြို့နယ်ရှိ KIA တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။
၂၀၁၇ခုနှစ်၊ ဇွန်လတွင်လည်း တနိုင်းမြို့နယ်ရှိ KIA၏ ပယင်းနှင့်ရွှေ လုပ်ကွက်များကို နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးသည်ဟုဆိုကာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်ထားသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့်၂၀၁၆ ခုနှစ်မှ စ၍ KIA နှင့် အစိုးရတို့ကြား တွေ့ဆုံမှုများ ရပ်ဆိုင်းသွားပြီး KIA က ယခင် ဆွေးနွေး ခဲ့သည့် NCA စာချုပ်ကို လက်မှတ်ရေးထိုးမည် မဟုတ်ဟု ကြေညာကာ “ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင် ဖွဲ့စည်းသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် ပါဝင်ကာ အပစ်ရပ်စာချုပ် အသစ် ဆွေးနွေးရန် အစိုးရကို တောင်းဆို ထားသည်။