မန္တလေးတိုင်းအတွင်း အစိုးရအကူးအပြောင်းကာလ အများပြည်သူနှင့်ဆိုင်သည့်ေ မြေယာချထားပေးမှုတွင် အလွဲသုံးစားမှုများ ရှိခဲ့သည့် မြေကွက် ၁၃၅ ကွက်အား တိုင်းလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် “အစိုးရအကူးအပြောင်းကာလ ချထားခဲ့သည့် မြေအမှုများ စုံစမ်း စစ်ဆေးချက် အစီရင်ခံစာ”အပေါ် တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “ဒီမြေအမှုတွဲတွေမှာ ဂရန်လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေ၊ အမျိုးသားမြေ အသုံးချမှုမူဝါဒနဲ့ မကိုက်ညီတာတွေ၊ ဥပဒေနဲ့ မညီတာဘဲ ချထားပေးခဲ့တဲ့ မြေပေးမိန့်၊ မြေဌားဂရန်တွေကို ပယ်ဖျက်ပြီး မြေကွက်တွေကိုလည်း ပြန်လည်သိမ်းယူ သင့်ပါတယ်” ဟု ပြောသည်။
၎င်းအစီရင်ခံစာအား မန္တလေးတိုင်းအစိုးရအဖွဲ့ကိုယ်စား တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်စိစစ်၍ တွေ့ရှိချက်များအား လွှတ်တော်သို့ ပြန်လည်တင်ပြကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအား လွှတ်တော်၏ သဘောထားရယူပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ရှင်းလင်းပြောကြားသည်။
မြေအစီရင်ခံစာကို ဦးဆောင်စစ်ဆေးခဲ့သည့် မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက “ဒီမြေအမှုတွေမှာ တရက်တည်းနဲ့ ဂရန်အစောင် ၂၀ ထုတ်ပေးထားတာတွေ ရှိသလို ဂရန်ရထားတဲ့သူ ကိုယ်တိုင်က ဂရန်လျှောက်ထားတာမျိုး မရှိတာတွေ၊ မြေဖိုးသွင်းထားပြီး ဖြစ်ပေမယ့် ဂရန်မထုတ်သေးတာတွေ စတဲ့မလျော်တဲ့ကိစ္စတွေကို စစ်ဆေးတွေ့ရှိခဲ့ရတယ်။ ဒါကြောင့် ဒီမြေတွေဟာ ဘယ်လိုမှ ရိုးဖြောင့်စွာလုပ်ထားတယ်လို့ ထင်မြင်စရာမရှိပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ထို့ကြောင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ချထားပေးသည့် မြေကွက် ၁၃၅ ကွက်အား တိုင်းအစိုးရအဖွဲ့မှ ပြန်လည်သိမ်းယူမည်ဖြစ်ရာ မြေဂရန်လက်ဝယ် ရထားသည့်ပိုင်ရှင်အား ၎င်းတို့ သွင်းထားသည့် မြေတန်ဖိုးအတိုင်း အစိုးရအဖွဲ့က ပြန်အမ်းပြီးမှ သိမ်းယူမည်ဖြစ်သည်။
၎င်းမြေကွက်များသည် မန္တလေးခရိုင် ပြည်ကြီးတံခွန်၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေ မြို့နယ်တို့မှ အများဆုံးဖြစ်ပြီး ၎င်းမြေယာအမှုများတွင် ပါဝင်နေသော သက်ဆိုင်သည့်ဌာန ဆိုင်ရာဝန်ထမ်းများကိုလည်း လုပ်ငန်းအခြေအနေနှင့် အတိုင်းအတာပေါ်မူတည်ကာ လိုအပ်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဆက်လက်၍ ဝန်ကြီးက “မြေဖိုးသွင်းတာကလည်း အဲဒီထဲမှာမှ တချို့က တန်ရာတန်ကြေး သွင်းထားတာ ရှိသလို တချို့က အောက်ကြေးနှိုက်ထား တာတွေရှိတယ်၊ အခုမှ မြေတန်ဖိုးတွေ တွက်ချက်တုန်းဆိုတော့ လာမယ့်ဘတ်ဂျက် နှစ်မှ စလုပ်နိုင်မယ်” ဟု ပြောသည်။
အဆိုပါသိမ်းယူမည့်မြေနေရာများတွင် အများပြည်သူနှင့်သက်ဆိုင်သည့် စီမံကိန်းများ အကောင်အထည် ဖော်သွားမည် ဖြစ်သည်။
ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က “အစိုးရအကူးအပြောင်းကာလများတွင် အများပြည်သူနှင့်သက်ဆိုင်သည့် ဧရိယာ ကျယ်ဝန်းသော မြေကွက်များ၊ ပလပ်မြေများအား လူပုဂ္ဂိုလ်အမည်များဖြင့် ချထားပေးမှုများအား ပြန်လည်စိစစ်၍ အများပြည်သူအကျိုးအတွက် စနစ်တကျစီမံခန့်ခွဲဆောင်ရွက်နိုင်ရေး တိုက်တွန်း ကြောင်းအဆို”ကို ပြီးခဲ့သည့်နှစ် ဇွန်လက လွှတ်တော်တွင် တင်သွင်းခဲ့သည်။
၎င်းအဆိုနှင့်ပတ်သက်၍ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် မြေယာစုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းကာ အစိုးရအကူးအပြောင်းကာလက ချထားပေးခဲ့သည့်မြေအမှုများကို ကွင်းဆင်းစစ်ဆေး ခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်မေးမြန်းခြင်း၊ ရရှိလာသည့်တွေ့ရှိချက်များအား အစီရင်ခံပြုစုကာ တိုင်းအစိုးရအဖွဲ့ထံ တင်ပြခဲ့ကြောင်း သိရသည်။