နေပြည်တော် ၈ မြို့နယ် အတွင်း ရောင်းချနေသည့် ဆေးဆိုင်များအနေဖြင့် ဝန်ကြီးဌာနက လိုက်နာရန် ထုတ်ပြန်ချက်များကို ချိုးဖောက်ပါက အမျိုးသားဆေးဝါး ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားမည်ဟု သိရသည်။
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အဆိုပါ အချက် သုံးချက်မှာ စပ်ဆေးမရောင်းရန်၊ မှတ်ပုံတင် မထားသည့် ဆေးများ လုံး၀ မရောင်းရန်နှင့် ရက်လွန်ဆေးများကို ကောင်တာတွင် တင်ထားခွင့် မရှိခြင်းတို့ဖြစ်သည်။
“ရှောင်တခင် ဝင်ရောက် စစ်ဆေးလို့ ဒီအချက် ၃ ချက်ကို လိုက်နာခြင်း မရှိရင် အဲဒီ ဆေးဆိုင်ကို ကာလ အတန်ကြာ ပိတ်သိမ်း အရေးယူတဲ့ အပြင် မြန်မာနိုင်ငံ ဆေးဝါး ဥပဒေ အရရော ငွေဒဏ်ရော ၊ ထောင်ဒဏ်ပါ အရေး ယူမှာ ဖြစ်တယ်ဆိုတာကို အားလုံးကို အသိပေးထားတယ်။” ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ဧရာဝတီသို့ပြောသည်၊၊
နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဆေးဆိုင်များသာ ယခုလို အသိပေးခြင်း မဟုတ်ပဲ၊ တိုင်းနဲ့ ပြည်နယ် အားလုံးတွင်လည်း စီစဉ်ဆောင်ရွက်သွားမည်ဟု သိရသည်။
နေပြည်တော်ကောင်စီ နယ်မြေ အတွင်း ဆေးဆိုင်ပေါင်း ၃၅၀ ကျော် ရှိသည့် အနက်မှ ဆေးဆိုင်ပေါင်း ၂၀၀ ကျော်က ဆေးဆိုင် ပိုင်ရှင်များကို FDA မှ ခေါ်ယူပြီး လိုက်နာရမည့် စည်းကမ်းချက်များအား အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့ အတွင်းရှိ နာမည်ကြီး ဆေးဆိုင်မှ ဆိုင်ရှင် တဦးကလည်း “FDA က စပ်ဆေး မရောင်းရဘူးပြောပေမယ့် ဝယ်တဲ့သူ ကိုယ်တိုင်က စပ်ဆေး စပ်ခိုင်းတာမျိုးတွေလည်းရှိတယ်။ ရာသီအလိုက် ဖျားတဲ့သူ အများစုက ဆေးခန်းသွားရင် အနည်းဆုံး သုံးထောင်ကုန်မယ်၊ဆေးဆိုင်မှာ လာဝယ်သောက်တော့ ၅၀၀ ကျပ် လောက်ပဲ ကျတယ်လေ။” ဟု ပြောသည်။
နေပြည်တော် တပ်ကုန်းမြို့မဈေးအတွင်းရှိ ဆေးဆိုင်နှစ်ဆိုင်တွင် အထူးထိန်းချုပ်ထားသည့် စပ်ဆေးများ ရောင်းချနေသဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းမှာ FDA က ဆေးဝါးများ သိမ်းဆည်းခဲ့သည့် အပြင် ဆိုင်ရှင်နှစ်ဦးလုံးကို အမျိုးသားဆေးဝါး ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်အရေးယူခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။
တစ်နိုင်ငံလုံး အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း အမျိုးသားဆေးဝါးဥပဒေနှင့် တရားစွဲဆိုထားသည့် အမှုပေါင်း ၄၀ကျော် ရှိပြီး၊ ၂၀၁၆ ဖေဖော်ဝါရီမှ ၂၀၁၇ ဖေဖော်ဝါရီ လအထိ တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၉၉ မှု အမှုဖွင့် အရေးယူထားကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အချက် အလက်များအရ သိရသည်။