ကယားပြည်နယ် လွိုင်ကော်နှင့် ရှမ်းပြည်နယ် အင်းလေး ဒေသသို့ စက်လှေဖြင့် သွားရောက် လည်ပတ်နိုင်သည့် ရေကြောင်း ခရီးစဉ် အတွက် မိုးဗြဲ ဆည်ကို ပြန်လည် ဖွင့်လှစ် ပေးလိုက်ပြီ ဖြစ်ကြောင်း ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန က ပြောသည်။
မိုးဗြဲဆည် သည် ရေထိန်းတံခါး ပျက်သောကြောင့် အနှစ်၂၀ ကျော် ပိတ်ထားခဲ့ရာမှ ယခု ဒီဇင်ဘာ ဒုတိယပတ် အတွင်းက ပြန်လည် ဖွင့်လှစ်ပေးလိုက် ခြင်း ဖြစ်ကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ကယားပြည်နယ် ဟိုတယ်ခရီး တာဝန်ခံ ဦးလင်းဇော်ထွဋ်က“မိုးဗြဲဆည် ရေ တံခါး ဆည် စလုပ် ကတည်းက လောပိတကို ရေးအားလျှပ်စစ် ပေးဖို့အတွက် ရေထိန်းတံခါး တခု လှေသွားလမ်း ကြောင်း အတွက် ရေထိန်းတံခါးက ၁ ခုဆိုပြီး ၂ ခုပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က လှေသွားလမ်းကို ဖွင့်ပေးတဲ့ ရေထိန်း တံခါး ကျတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကြံ့ခိုင်မှု အားနည်းသွားလို့ ပျက်သွားတယ်။ အဲဒီတော့ လှေတွေ အဖြတ် မခံ တော့ဘူး။ အခုဒါကို ဖွင့်ပေးပြီးတော့မှ အသုံးပြုလို့ ရတယ်ဆိုတာ ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒီလထဲမှာ ခရီးစဉ်ကို ခရီး သွားတိုး ကုမ္ပဏီတွေ ဧည့်လမ်းညွှန်တွေ ခရီးစဉ် ရောင်းလို့ရအောင် ကြေညာ ပေးတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ရေထိန်း တံခါးကြီးကို ပြန်လည် ဖွင့်လှစ်ပေးလိုက်ခြင်းမှာ မြန်မာနိုင်ငံ၏ အထင်ရှားဆုံး ဒေသတခုဖြစ်သော ရှမ်း ပြည်နယ် အင်းလေးသို့ လာရောက် လည်ပတ်သည့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များက ကယားပြည်နယ် လွိုင်ကော် သို့ ခရီးစဉ်တခု အဖြစ် ရေကြောင်းမှ စက်လှေဖြင့် လာရောက်နိုင်ရန် ရည်ရွယ်ပြီး ပြန်လည် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“လှေနဲ့ စိတ်ဝင်စားတဲ့ သူတွေ သွားလို့ရအောင် တခုရယ်။ မိုးဗြဲဆည်က ကယားနဲ့ ရှမ်းနဲ့ အစပ်မှာ ရှိတဲ့ အခါကျတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ကို ဆက်စပ်တဲ့ ခရီးစဉ်တွေ ဖော်ဆောင်လို့ရတယ် ဆိုပြီး လွန်ခဲ့တဲ့ ၁ နှစ်ကျော် လောက် ကနေ ကျနော်တို့ ရေတံခါး ပြန်ဖွင့်ဖို့ ကြိုးစားခဲ့တာ။ ကျနော်တို့ဌာနရယ် ကယားပြည်နယ် အစိုးရအဖွဲ့ရယ် ကြိုးစားခဲ့တာ ပေါ့နော်။ ဒီတံတားတွေကို ပြန်ပြင်ဖို့ တိုက်တွန်း ခဲ့တာပေါ့နော် ဆည်မြောင်းဦးစီးဌာနကနေမှ တဆင့် သက်ဆိုင်ရာဌာန တွေကို ပြန်တင်ပေးတယ်။ အဲဒီ ရေတံခါးက အခုအဖွင့်၊ အပိတ်ပြန်လုပ်လို့ရပြီ”ဟု ဦးလင်းဇော်ထွဋ် က ပြောသည်။
လွိုင်ကော်ကနေ မိုးဗြဲဆည်အထိ စက်လှေ ၁ နာရီခွဲ မောင်းရကြောင်း၊ မိုးဗြဲဆည် ရေထိန်းတံခါး ကို ဖြတ်မည် ဆိုပါက ရေဖြည့်ရသောကြောင့် နာရီဝက်စောင့်ရကြောင်း၊ ရေ ဖြည့်ပြီးမှ လှေတွေက ရေပေါ်တက်လာ ပြီးတော့မှ နောက်တန်းတခု ထဲကို ရေတွေထပ်ဖြည့် ပြီးတော့ ဟိုဖက်ကိုု ကူးရကြောင်းလည်း ၎င်းက ရှင်းပြသည်။
“မိုးဗြဲဆည်နဲ့ ဖယ်ခုံအင်းက ရေညီတော့မှသာ ပြန်ထွက်ပြီး ဖယ်ခုံဘက်ကို ဆက်မောင်းရတယ်။ မိုးဗြဲဆည်ကနေ ဖယ်ခုံကိုု ၁ နာရီ၊ ဖယ်ခုံကနေ အင်းလေးကို နောက်ထပ် ၄ နာရီလောက် မောင်းရတယ်။ တရက်နီးပါးလောက် သွားရတယ် ဆိုတော့ ကျနော်တို့က ရှမ်းပြည်ဘက်မှာ ရှိတဲ့ စကားလောက်မှာ ညအိပ် ရပ်နားပြီး သွားလို့ရတယ်”ဟုလည်း ဟိုတယ်ခရီး တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောသည်။
ယင်းမိုးဗြဲဆည်မှ နံနက်ပိုင်း ၉ နာရီ ၁ ကြိမ်၊ ညနေပိုင်း ၃နာရီ ၁ကြိမ် အဖွင့်အပိတ် လုပ်ပေးမည် ဖြစ်ပြီး အကယ်၍ အရေး ပေါ် အခြေအနေများ ကြုံလာလျှင်လည်း ဖွင့်ပေးပါမည်ဟု တရားဝင်စာဖြင့် ဆည်မြောင်း ဦးစီးဌာနက အကြောင်း ကြားထား ကြောင်းလည်း သိရသည်။
ခရီးသွား ကုမ္ပဏီ တခု ဖြစ်သော Authentic Myanmar travel ကုမ္ပဏီမှ ဒေါ်သတိုးသူဇာအောင်က “လွိုင်ကော်နဲ့ အင်းလေး နဲ့ ဆက်တဲ့ ကုန်းလမ်းခရီးစဉ်က အမြဲရောင်းနေကျ ဖြစ်တယ်။ အခုဖွင့်လိုက်တဲ့ ရေလမ်းကြောင်း ခရီးစဉ်က တော့ အရမ်းကောင်းတယ်။ ကြိုလဲ ကြိုဆိုပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက် အင်းလေးထဲမှာ ရေတွေလဲ ပိုများလာမယ်။ ဒီလုပ်ငန်းစဉ်ကတော့ အောင်မြင်မယ်လို့ မြင်ပါတယ်။ အခုကတော့ ရေကြောင်း ခရီးစဉ်ကို မရောင်းရသေးဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
လောလောဆယ်တွင် အင်းလေး – လွိုင်ကော် ရေကြောင်းခရီးစဉ်ကို မရောင်းရသေးကြောင်း၊ ကုန်းကြောင်း အနေနှင့်သာ ပြည်တွင်း ပြည်ပ ခရီးသွားများကို ရောင်းချနေသေးကြောင်းလည်း ၎င်းက ပြောပြသည်။
ပြင်သစ်နှင့် အီတလီလူမျိုး အများစုက ကယားပြည်နယ်ရှိ ကယန်း၊ ပဒေါင် လူမျိုးများ၏ ဘဝကို လာရောက် လေ့လာမှု များကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
ကယားပြည်နယ်သို့ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း ခရီးသွား ဦးရေ ၁ သောင်း ၇ ထောင် နှင့် ပြည်ပခရီးသွား ဦးရေ ၆ ထောင် ၄ ရာခန့် လာရောက်ခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်အထိ ပြည်တွင်းခရီးသွား ဦးရေ ၂ သောင်း ၃ ထောင် နှင့် ပြည်ပ ခရီး သွား ဦးရေ ၆ ထောင် ၅ ရာ ခန့် လာရောက်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန စာရင်းများတွင် ဖော်ပြ ထားသည်။
ယခုနှစ်တွင် ကယားပြည်နယ် အတွက် ပြည်တွင်းခရီးသွား ဦးရေ ၂ သောင်း ၅ ကျော်နှင့် ပြည်ပခရီးသွား ဦးရေ ၁ သောင်း ခန့် ဝင်ရောက်ရန် မျှော်မှန်းထားပြီး ယင်းအပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ညပိုင်း လှေနှင့် အပျော်စီး စီမံကိန်း များကိုလည်း ယခု ဒီဇင်ဘာလကုန်တွင် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။