အိမ်အကူမိန်းကလေးနှစ်ဦးအား ညှင်းပမ်းနှိပ်စက်မှုဖြင့် အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ဦးအား အနောက်ပိုင်း ခရိုင်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ပြီး ၂ ဦးအား အမှုမှ အပြီးသတ် ကင်းလွတ်ခွင့်ပြုလိုက်သည်။
အင်းဝအပ်ချုပ်ဆိုင် မိသားစုဝင်ဖြစ်သည့် ဒေါ်တင်သူဇာအား ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ၁လ၊ ကိုရာဇာထွန်းအား ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၃ နှစ် ၁ လ၊ မစုမွန်လတ်အား ပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ၁ လနှင့် ကိုတင်မင်း လတ်အား ပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၉ နှစ် ၁လ အသီးသီး ထောင်ဒဏ်များချမှတ်ခဲ့ပြီး မသီရိလတ်နှင့် ဦးကိုလတ်တို့အား အမှုတွင် သက်ဆိုင်ခြင်းမရှိဟုဆိုကာ ကင်းလွတ်ခွင့်ပြုခဲ့သည်။
အဆိုပါ အမိန့်ချမှတ်မှုနှင့်ပတ်သက်ပြီး တရားခံများအနေဖြင့် တိုင်းတရားလွတ်တော် အယူခံ တင်ပြပိုင်ခွင့်ရှိကြောင်းလည်း ခရိုင်တရားသူကြီးကပြောခဲ့သည်။
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံရသည့် ဒေါ်တင်သူဇာ၊ ကိုရာဇာထွန်း၊ မစုမွန်လတ်နှင့် ကိုတင်မင်းလတ်တို့ကို လူကုန်ကူးမှု၊ နာကျင်စေမှု၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(ဃ)တို့ဖြင့်လည်းကောင်း။ ဦးကိုလတ်နှင့် မသီရိလတ်တို့အား လူကုန်ကူးမှု၊ နာကျင်စေမှုတွင် အားပေးကူညီမှုတို့ဖြင့် ၂၀၁၇ ခုနှစ် မေလကတည်းက တရားရုံးမှ စွဲချက် အမိန့်ချ ထားခဲ့ခြင်းဖြစ်သည်။
အမှုအား ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်၍ နှစ်ဖက်သက်သေထွက်ဆိုသူ ၂၀ ခန့်အား တနှစ်ကျော်ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်များချမှတ်ခဲ့ခြင်းဖြစ်သည်။
ရာဇာထွန်း၏ မိခင် ဒေါ်သန္တာက “အယူခံထပ်တက်မယ်။ ကျမသားလေးမှာ အပြစ်မရှိပါဘူး။ တက်လို့ရတဲ့နေရာ အကုန်လုံးကို လိုက်မှာပဲ” ဟုပြောသည်။
အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ နှိပ်စက်ညှင်းပန်းခံရသော အိမ်အကူမိန်းကလေး နှစ်ဦးအနေဖြင့် ညှင်းပမ်းနှိပ်စက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၆ လခန့်ခွဲစိတ်ကုသမှုများ ခံယူခဲ့ရပြီး ယခုအခါတွင် ပြန်လည်သက်သာ ကောင်းမွန်နေပြီဖြစ်ကြောင်း သိရသည်။
အမှုအားစစ်ဆေးမှုများမပြုလုပ်မီ နှစ်ဖက်ကျေးအေးရန် ငွေကြေးဖြင့် ညှိနှိုင်းပေးခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လုပ်ရပ်ကိုလည်း ပြည်သူများက ဝေဖန်ပြစ်တင်ခဲ့ကြပြီး ညှိနှိုင်းရာတွင် တာဝန်ရှိသူ ကော်မရှင်အဖွဲ့ဝင်း ဦးဇော်ဝင်း အနေဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် ကော်မရှင်မှနှုတ်ထွက်ခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များအနေဖြင့် အိမ်အကူဖြစ်သူ မစန်းကေခိုင်နှင့် မသဇင်တို့အား ညှင်းပမ်းနှိပ်စက်မှုအပေါ် Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ဦးဆွေဝင်းမှ ဖော်ထုတ်ရေးသားခဲ့ပြီးနောက် လူမှုကွန်ရက်တွင်ပျံ့နှံ့ကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အိမ်အကူမိန်းကလေးများ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး အိမ်အကူကလေးများအား ညှင်းပမ်းနှိပ်စက်မှုများကို ထိရောက်စွာ အရေးယူ ဖြေရှင်းဆောင်ရွက်ရေး အတွက် ပြည်သူ့လွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမှုများလည်းပြုလုပ်ခဲ့ရပြီး သတင်းဖော်ထုတ်ရေးသားခဲ့သူ ဦးဆွေဝင်းကိုလည်း နိုင်ငံတော်သမ္မတရုံးမှ ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့သည်။
အင်းဝအပ်ချုပ်ဆိုင်အမှုသည် အိမ်အကူကလေးငယ်များအား အိမ်ရှင်အချို့၏ ညှင်းပမ်းနှိပ်စက်မှုများကို မီးမောင်းထိုးပြနိုင်ခဲ့ပြီး အမှုဖြစ်ပွားပြီးနောက်ပိုင်းတွင်းလည်း အလားတူဖြစ်ရပ်များအား ဖော်ထုတ်တင်ပြမှုများ ရှိလာခဲ့သည်။