မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် အိုးတုတ္ထန်းလမ်း ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်ဆုံ အနီး တည်ဆောက် နေ သော နိုင်ငံတကာ အဆင့်မီ စက်သုံးဆီ အတင်အချ ဆိပ်ကမ်း စီမံကိန်းတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ ဆန်းစစ် ချက်များ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းမှ Pilot Project (ရှေ့ပြေး စီမံကိန်း) အနေနှင့် စက်သုံးဆီ သိုလှောင်ကန် တခုကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စတင်၍ တည်ဆောက်ခွင့် ပေးခဲ့သည်။
ထိုစီမံကိန်းနှင့် သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက် (EIA)၊ လူမှုဘဝ ထိခိုက်မှု ဆိုင်ရာ ဆန်းစစ်ချက် (SIA) များကို ထပ်မံ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု မန္တလေး တိုင်း ဒေသကြီး စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အသင်းက ပြောသည်။
“မန္တလေး စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး ဆိပ်ကမ်း စီမံကိန်းကို အရင်တုန်းက သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက် တဲ့ လေ့လာ ဆန်းစစ်မှုတွေ မပါလို့ လုပ်ငန်းရပ်ဆိုင်း ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ဆောက်လုပ်ပြီးတဲ့ ဆီကန် တကန် ကို Pilot project အနေနဲ့ လုပ်ဆောင်ခွင့်ပြုလို့ ဆက်လက် လုပ်ဆောင်နေတယ်”ဟု စီမံကိန်း လုပ်ကိုင်ခွင့် ရ ထားသည့် Myanmar Energy Sector Development Publice Company Limited ၏ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းမြင့် က ပြောသည်။
ကုမ္ပဏီ အနေဖြင့် တိုင်းဒေသကြီး အစိုးရဖွဲ့က ဖွဲ့စည်းပေးထားသော ကော်မတီအဖွဲ့နှင့် ပူးပေါင်း၍ လိုအပ်ချက်များကို ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကိုယ့်ကျိုးစီးပွား တခုတည်းကိုပဲ ဦးတည် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဒေသခံ ပြည်သူ အကျိုးကိုလည်း ရှေးရူ၍ လိုအပ်သည်များကို ပံ့ပိုး ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လည်း ဒေါက်တာ ဝင်းမြင့်က ပြောဆိုသည်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံ အထက်ပိုင်းသို့ စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီ (Myanmar Energy Sector Development Publice Company Limited) က ၂၀၁၅ ခုနှစ်တွင် စတင်၍ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စက်သုံးဆီ ဆိပ်ကမ်း စီမံကိန်း အကျယ်အဝန်းကို ဧက ၄၀ ကျော်အသုံးပြုမည် ဖြစ်ပြီး မူလလျာထားချက် တွင် ဆီ ဂါလန် ၂ သန်းဆံ့ သိုလှောင်ကန် ၃၂ လုံး၊ ဆီတွဲများ ဆိုက်ကပ်ရန် ဆိပ်ခံတံတား ၄ ခု၊ မီးဘေး လုံခြုံရေး အတွက် ဂါလန် ၅ သိန်းဆံ့ ရေကန် တကန် ပါဝင်ပြီး ဆီသယ်ယာဉ် ၁၃၆ စီး တပြိုင်တည်း ဆီဖြည့်နိုင်မည် ဖြစ်ကြောင်း သိရ သည်။
“စီမံကိန်း တခုလုံးအနေနဲ့က ရပ်နားထားတာလည်း မဟုတ်ဘူး၊ လုံး၀ ခွင့်ပြုထားတာလည်း မဟုတ်ဘူး၊ Pilot Project ပေါ့။ ကျနော်တို့ လုပ်ဆောင်မယ့် အချက်အလက်တွေကို တင်ပြထားတဲ့ဟာတွေ ရှိတယ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ကလည်း ဒါကိုကြည့်မယ်၊ ဒါတွေကို ကြည့်ပြီးတော့မှ လိုအပ်ချက်ကို ထပ်ပြီး လုပ်ခိုင်းမယ်၊ စိတ်တိုင်းကျအောင် လုပ် ပေး နိုင်တယ်ဆိုမှ နောက်ထပ် ဆီကန်တွေကို ထပ်ပြီးခွင့်ပြုသွားဖို့ ရှိတယ်၊ နောက်ပြီး ကြီးကြပ်မှု ကော်မတီလည်း ဖွဲ့ ပေးထားတယ်၊ ပညာရှင်တွေလည်း ထည့်ပေးထားတယ်၊ တဖက်ကလည်း EIA,SIA တင်ပြချက်တွေကို စောင့်ဆိုင်း နေတုန်းပါ။ ဒါတွေလည်း ပြီးစီးလာမယ်ဆိုရင် စီမံကိန်းက ဆက်သွားမှာပါ”ဟု ဒေါက်တာ ဝင်းမြင့်က ပြောသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများက အင်း၀ ရှေးဟောင်း ယဉ်ကျေးမှုဇုန်နှင့် အလွန် နီးကပ်နေသဖြင့် ကန့်ကွက်မှုများ ရှိနေခြင်းကြောင့် အမရပူရမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက တိုင်း ဒေသကြီး လွှတ်တော်တွင် ဆီဆိပ်ကမ်းနေရာ ရွှေ့ပေးရန်၊ ယင်းသို့မဖြစ်နိုင်ပါက ဆီသိုလှောင်ကန် အရေအတွက် လျှော့ပေးရန် ရှိ မရှိ တင်ပြ မေးမြန်းခဲ့သော်လည်း ယခုအခါ Pilot Project (ရှေ့ပြေးစီမံကိန်း) အနေဖြင့် ဆီသိုလှောင် ကန် တကန်ကို ပြန်လည် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စီမံကိန်းတွေနဲ့ပတ်သက်လို့ ပြောချင်တာက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေနဲ့ သဘာပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်း တွေမှာ မျှခြေရှိဖို့လိုတယ်၊ ဖွံ့ဖြိုး တိုးတက်ချင်ဇောနဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာတွေကို ကျောခိုင်းရင် နောင်လာ နောက်သားတွေ အတွက် ကောင်းတဲ့ အလားအလာ မဟုတ်ဘူး၊ သဘာ၀ ပတ်ဝန်းကျင်ကို ဇောင်းပေး နေရင်လည်း ဖွံ့ဖြိုး တိုးတက်မှုတွေနဲ့ စီးပွားရေးဆိုင်ရာတွေ နောက်ကျမယ်၊ ဘယ်ဘက်မှမလွန်ဘဲ မျှခြေရှိအောင် လုပ်ရမယ်။ ပြည်သူ တွေကလည်း အဲဒီအမြင်ရှိဖို့ လိုလာပြီ။ ဆိပ်ကမ်းက အထက်မြန်မာပြည် တခုလုံးကို ဆီဖြန့်ဖြူးပေးနိုင်မယ့် နေရာဖြစ်တဲ့ အတွက် ဖွံ့ဖြိုးမှုအမြင်အရ ဆောက်လုပ်ခွင့် ပြန်ပေးထားတယ်”ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့်ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
အဆိုပါစီမံကိန်းသည် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဖြစ်သည့် အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ် တို့အနီး၌ တည်ရှိ နေ သောကြောင့် လိုအပ်သည့် Enviromental Management Plan(EMP) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အစီအမံများ ရေးဆွဲလုပ်ကိုင်ရန်နှင့် သက်ဆိုင်ရာ ဌာနများ၏ ကြီးကြပ်မှု၊ စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟုလည်း သိရသည်။
“အောက်တိန်း (Octane) သိုလှောင်ဖို့ အစိုးရက သိုလှောင်ကန်တခု တည်ဆောက်ခွင့်ပြုပေးလို့ တည်ဆောက်နေပါပြီ၊ ခွင့်ပြုပေးတဲ့ သိုလှောင်ကန်တကန် ဆောက်ပြီးရင် တိုင်းဒေသကြီးရဲ့ စက်သုံးဆီ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ မရှိ စိစစ် ပြီးမှ စီမံကိန်းပါ ဆီကန်တွေကို ခွင့်ပြုပေးမယ်လို့တော့ ပြောထားပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး စက်သုံးဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဌ ဦးသက်ဝေက ပြောသည်။
ယခုအခါ မန္တလေးတိုင်းဒေသကြီး အတွင်း နေ့စဉ်သုံးစွဲနိုင်ရန် အတွက် စက်သုံးဆီ လိုအပ်ချက်ပမာဏသည် ဒီဇယ် ဂါလန် ၅ သိန်းဝန်းကျင်၊ အောက်တိန်းဂါလန် တသိန်းခွဲခန့် ရှိပြီး အသုံးပြုရန် လိုအပ်သည့် စက်သုံးဆီကို တွဲရေယာဉ် များဖြင့် သယ်ဆောင်၍ ရွှေကြက်ယက် ဆိပ်ကမ်းတွင် အတင်အချ ပြုလုပ်နေသလို ဆီဘောက်ဆာ ကားများဖြင့် လည်း တိုက်ရိုက် သယ်ယူ ပေးနေကြောင်း သိရသည်။
ယင်းစီမံကိန်း၌ ဂါလန် ၂ သန်းဆံ့ ၃၃ မီတာအချင်း ရှိသည့် ဆီသိုလှောင်ကန် တခုကိုသာ တည်ဆောက်ထားပြီး Pilot Project နှင့်အတူ EIA,SIA လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ဆီလှောင်ကန် ၃၂ ကန်နှင့်အတူ အခြားသော စီမံကိန်း လုပ်ငန်းများကို ထပ်မံ ဆောင်ရွက်သွားမည် ဖြစ်ပြီး စီမံကိန်း လုပ်ငန်းများ ပြီးစီးပါက ဂါလန်ပေါင်း ၆၄ သန်း ဆံ့ နိုင်ငံတကာ အဆင့်မီ စက်သုံးဆီ ဆီတင် ဆီချ ဆိပ်ကမ်းအဖြစ် တည်ရှိနေမည်ဖြစ်သလို ဒေသခံများ၏ အလုပ် အကိုင် အခွင့်အလမ်းများလည်း ရရှိလာမည့် ဖြစ်သည်ဟု ဆိုသည်။