မြွေဆိပ်ဖြေဆေးများကို ပြည်တွင်းတွင် လိုအပ်နေသော အရေအတွက်ထက် ပိုမို ထုတ်လုပ်နိုင်သဖြင့် ကိုယ်တိုင် မထုတ်လုပ်နိုင်သေးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် ကမ္ဘောဒီယားနိုင်ငံများသို့ ၂၀၁၈ ခုနှစ်တွင် တင်ပို့ရောင်းချတော့မည် ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။
“ရေမြေတကြောတည်း ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုလို မြွေဆိပ်ဖြေဆေး မထုတ်လုပ်နိုင်သေးတဲ့ နိုင်ငံတွေကို တင်ပို့ဖို့ Export လုပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အခု ကမ္ဘောဒီးယားနဲ့ လာအို FDA တို့ကနေပြီးတော့ ကျနော်တို့ဆီကို လာပြီး ဆွေးနွေးညှိနှိုင်းပြီးတော့ ဒီမှာရှိတဲ့ စက်ရုံ၊ နည်းပညာတွေကို လာလေ့လာပြီးရင် ဖေဖော်ဝါရီ သို့မဟုတ် မတ်လ မကုန်ခင်မှာ မြွေဆိပ်ဖြေဆေးတွေ စပို့မှာပါ”ဟု ၎င်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ သုတေသနပြုထားသည့် စစ်တမ်းများအရ မြွေဆိပ် ဖြေဆေး အလုံးရေ တနှစ်လျှင် ၈ သောင်းခန့် လိုအပ်သော်လည်း ၂၀၁၂ ခုနှစ်က အလုံးရေ ၂ သောင်းအောက်သာ ထုတ်နိုင်ခဲ့သဖြင့် နိုင်ငံခြားမှ ဝယ်ယူသုံးစွဲခဲ့ရကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သြစတေးလျနိုင်ငံ ခရီးစဉ်အတွင်း မြွေဆိပ်ဖြေဆေး နည်းပညာ အကူအညီများ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘရာဇီးနိုင်ငံနှင့် မြွေဆိပ် ဖြေဆေး ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်၍ နည်းပညာ ရရှိခဲ့ခြင်း၊ BPI ဆေးဝါးစက်ရုံ၏ ယခင်တုန်းက ရရှိထားသည့် အတွေ့အကြုံနှင့် သြစတေးလျမှ ရရှိသည့် နည်းပညာများ ပေါင်းစပ်နိုင်ခဲ့၍ မြန်မာသည် မြွေဆိပ်ဖြေဆေးကို ဒေသတွင်း အဆင့်မှ ကမ္ဘာ့အဆင့်မီ နည်းပညာအထိ ပြည့်စုံသည့် အခြေအနေများ ပိုင်ဆိုင်ထားကြောင်းလည်း သိရသည်။
“မြွေဆိပ်ဖြေဆေးနဲ့ ပတ်သက်ပြီးတော့ US ဒေါ်လာ သန်းပေါင်း ၃၀ လောက် အကုန်ကျခံထား ပြီးတော့ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး Plant ကို ၂၀၁၅ မေလ ၁ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီစက်ရုံကြီးရဲ့ ထုတ်လုပ်မှု စွမ်းအားကလည်း တနှစ်ကို အလုံးရေ တသိန်းမက ထုတ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်”ဟု ဦးကိုကိုအောင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ယခင်က မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် မရှိခဲ့၍ သေဆုံးသူများစွာ ရှိခဲ့ကြောင်း၊ သို့သော် ယခုနောက်ပိုင်း ဆေးရုံများတွင် မြွေဆိပ်ဖြေဆေး လုံလုံလောက်လောက် ထားရှိသည်ဟု ကြားသိရ၍ ပြည်တွင်း ပိုလျှံပါက ပြည်ပသို့ ပို့မည်ကို သဘောကျကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ကော်မတီဝင် ဒေါ်ဖြူဖြူသင်းက ပြောသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ဖြူဖြူသင်းက “မြန်မာပြည်တွင်းမှာ လုံလောက်လို့ ပို့တာမျိုးကိုတော့ သဘောကျတယ်။ တခုရှိတာက ထုတ်လုပ်တဲ့စရိတ်နဲ့ ကုန်ချောပြန်ပို့တဲ့နေရာမှာ ဘယ်လောက်အထိ အမြတ်အစွန်း ရနိုင်လဲဆိုတာ သိဖို့တော့ လိုတယ်။ ကျမတို့က တလျှောက်လုံး ပြင်ပက ပို့လာတာတွေကိုပဲ မှီခိုနေရတာ။ တကယ်တော့ ကုန်ချောတွေ အများကြီး ထုတ်နိုင်ဖို့ လိုတယ်”ဟု ပြောသည်။
ယခုအခါ နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ သောင်း သာမကပဲ မြန်မာ့ ဆေးဝါးလုပ်ငန်းက အလုံးရေ ၁ သိန်း၊ ၂ သိန်းအထိ ထုတ်လုပ်နိုင်လာ၍ မြန်မာနှင့် ရေမြေသဘာဝ တူညီသည့် ဒေသတွင်းနိုင်ငံများသို့ ဈေးကွက်ရရှိရန် ခြေဆန့်ရခြင်း ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ဒုညွှန်ချုပ် ဒေါက်တာ ဝင်းနိုင်ကလည်း “မြွေဆိပ်ဖြေဆေးက ကျန်းမာရေး ဝန်ကြီး ဌာန မှာလည်း လုံလုံလောက်လောက် ရှိပါတယ်။ မြွေကိုက်ပြီး သေဆုံးတဲ့ နှုန်းကလည်း နဂိုကထက် စာရင် လျော့လာသလို မြွေကိုက်ခံ ရတဲ့နှုန်းလည်း လျော့လာတယ်။ BPI မှာက မြွေဆိပ်ဖြေဆေး တသိန်းကျော် ရှိတယ်။ ကျနော်တို့က နိုင်ငံတော် ဘတ်ဂျက်ကို ခြွေ တာတဲ့အနေနဲ့ အသုတ်လိုက်ပဲ မှာတယ်။ ဆေးဝယ်ဖို့ ဘတ်ဂျက်လည်း အလုံအလောက်ရှိတယ်”ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။