လူ့အခွင့်အရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေကြီးအနေဖြင့် ဦးကိုနီသည် အခြားသူများအတွက် တရားမျှတမှု ရရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။ သို့သော် သူကိုယ်တိုင်အတွက် တရားမျှတမှုမှာမူ ပျောက်ကွယ်နေဆဲသာ။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဦးကိုနီ လုပ်ကြံခံရသည်မှာ လာမည့် ဇန်နဝါရီလတွင် တနှစ်ပြည့်တော့မည်ဖြစ်သည်။ သူသေဆုံးပြီး ယခု ၁၁ လကြာသည့်တိုင် ထိုလုပ်ကြံသတ်ဖြတ်မှုကို ကြိုးကိုင်သူဟု သံသယရှိသူ အောင်ဝင်းခိုင်သည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။ ထို ဒုတိယ ဗိုလ်မှူးကြီးဟောင်းသည် ဦးကိုနီကို သတ်ဖြတ်ရန်အတွက် သေနတ်သမား ကြည်လင်းကို ငှားရမ်းခဲ့သည်ဟု ယုံကြည်ရကြောင်း သမ္မတရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။
ထိုတပ်မတော် အရာရှိဟောင်း အောင်ဝင်းခိုင်သည် လုပ်ကြံမှုအပြီးတွင် ထူးဆန်းစွာ ပျောက်ဆုံးနေသည်။ အခြားသော သံသယရှိသူ လေးဦးတို့ကို တရားခွင်တွင် စစ်ဆေးနေသည်မှာ လအတန်ကြာပြီဖြစ်ပြီး လွန်ခဲ့သော အပတ်ထိ သက်သေစုစုပေါင်း ၈၀ အနက် ၆၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။ ရဲချုပ်၏ အဆိုအရ သတ်ဖြတ်ရသည့် အကြောင်းရင်းမှာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြစ်သည်ဟု သိရပြီး စွပ်စွဲခံရသော ပူးပေါင်းကြံစည်သူများသည် ဦးကိုနီ၏ နိုင်ငံရေးလုပ်ဆောင်ချက်များကို မုန်းတီးကြသည်ဟုလည်း ဆိုသည်။
အဓိက တရားခံမပါဘဲ လူသတ်မှုတရားခွင်သည် တနှစ်နီးပါးအချိန်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသော်လည်း အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ခြင်း မရှိသောကြောင့် ဦးကိုနီ၏ မိတ်ဟောင်းဆွေဟောင်းများနှင့် လုပ်ဖေါ်ကိုင်ဖက်များသည် ရဲတပ်ဖွဲ့ကို ဦးစီးနေသည့် ပြည်ထဲရေးဝန်ကြီးဌာနကို စိတ်ပျက်ကြောင်းပြောဆိုကြသည်။
“သူတို့ရဲ့ အလုပ်ကို သူတို့ကောင်းကောင်း မလုပ်ကြဘူး။ အဓိက တရားခံလွတ်နေတာတော့ စိတ်ပျက်စရာပဲ” ဟု လွန်ခဲ့သော ၅ နှစ်က မြန်မာနိုင်ငံရှေ့နေကွန်ယက်ကို ဦးကိုနီနှင့် အတူ ပူးတွဲတည်ထောင်ခဲ့သူ ရှေ့နေကြီး ဦးကြီးမြင့်က ပြောသည်။
အောင်ဝင်းခိုင်နှင့် ပတ်သက်သော မည်သည့်သတင်း အချက်အလက်သစ်မျှ မရရှိကြောင်းနှင့် သတ်ဖြတ်မှုအပြီး ရက်အနည်းငယ်အကြာတွင် နေပြည်တော်တွင် နောက်ဆုံးတွေ့ခဲ့သော်လည်း လတ်တလောအတွင်း ဖမ်းမိမည် မဟုတ်ကြောင်း လွန်ခဲ့သော ဇွန်လတွင် ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
“ပြည်ထဲရေးဝန်ကြီးဌာန လုပ်ရည်ကိုင်ရည်က နည်းလွန်းတယ်” ဟု ဦးကြီးမြင့်က ပြောသည်။
မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ်ရာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ရဲတပ်ဖွဲ့ကို ဦးစီးသော ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်က စီမံခန့်ခွဲသည်။
ဦးကိုနီသည် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သည်။ ဖွဲ့စည်းပုံဥပဒေအရ သမ္မတဖြစ်ခွင့်မရှိသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာစေရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို အသက် ၆၅ နှစ်အရွယ် ရှေ့နေကြီး ဦးကိုနီက ဖန်တီးခဲ့သည်ဟု အများက ယုံကြည်ကြသည်။
အစ္စလာမ် ဘာသာဝင် ရှေ့နေ ဦးကိုနီသည် စစ်ဘက်ကရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ဝေဖန်သူဖြစ်သည်။ ထိုဖွဲ့စည်းပုံသည် တပ်မတော်ကို လွှတ်တော် နေရာအားလုံး၏ ၂၅ ရာခိုင်နှုန်းပေးပြီး အစိုးရ၏ အရေးအပါဆုံး ဝန်ကြီးဌာန ၃ ခုဖြစ်သော ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ထိန်းချုပ်ခွင့်ပေးထားသည်။ သူသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ မအောင်မြင်သေးသည့် ရည်မှန်းချက်များအနက် တခုဖြစ်သော ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို တက်ကြွစွာ ဆော်သြခဲ့သူလည်း ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်ခံရချိန်တွင် ဦးကိုနီသည် ဖွဲ့စည်းပုံကိုပြင်ရန် လွှတ်တော်တွင် မဲ ၇၅ ရာခိုင်နှုန်းရရှိရန် မဖြစ်နိုင်သည်ကို သဘောပေါက်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲနေသည်ဟု ယူဆရသည်။ သူ၏ အကြံအစည်များအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အကြံပေး ဦးကိုနီသည် အသက်ကို ပေးဆပ်လိုက်ရသည်ဟု အများက ယူဆကြသည်။ ထိုအချက် မှန်ကန်ပါက ယခု သူ၏ အမှုသည်လည်း သူ အစားထိုးရန် ကြိုးစားခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ လောင်းရိပ်မိ နေပြန်ပြီဖြစ်သည်။
သံသယရှိခံရသူ အများစုမှာ စစ်သားဟောင်းများဖြစ်သောကြောင့် ထိုအမှုသည် ထူးခြားသော အမှုဖြစ်သည်ဟု ဦကိုနီ၏ မိတ်ဆွေဟောင်းနှင့် လူ့အခွင့်အရေးရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ပြောသည်။ ရဲတပ်ဖွဲ့ကို ချုပ်ကိုင်သော ပြည်ထဲရေးဝန်ကြီးဌာနကို တပ်မတော်က စီမံခန့်ခွဲသဖြင့် ထိုအချက်ကြောင့်ပင် ရဲတပ်ဖွဲ့သည် အောင်ဝင်းခိုင်ကို ဖမ်းဆီးရန် စိတ်ထက်သန်မှုမရှိခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူပြောသည်။ (လုပ်ကြံသတ်ဖြတ်မှုတွင် သံသယရှိခံရသူ ၅ ဦးအနက် ၃ ဦးမှာ တပ်မတော် အရာရှိဟောင်းများဖြစ်ပြီး ၎င်းတို့အားလုံးတွင် အောင်ဝင်းခိုင်သည် ရာထူးအမြင့်ဆုံးဖြစ်သည်။)
“ ရဲချုပ်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို အပြည့်အ၀ အသုံးချပုံ မရဘူး” ဟု ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ပြောသည်။ သူသည် ယခုအမှုတွင် ဦးကိုနီကို သတ်သည့် သေနတ်သမားကို လိုက်လံဖမ်းဆီးစဉ် အသတ်ခံရသော တက္ကစီသမားအတွက် လိုက်ပါဆောင်ရွက်နေသော ရှေ့နေလည်း ဖြစ်သည်။
“ ရဲတပ်ဖွဲ့သာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ မရှိရင် အောင်ဝင်းခိုင်ကို ဖမ်းမိဖို့ ပိုလွယ်သွားမယ်။ အဲဒါကလည်း ဖွဲ့စည်းပုံပြင်မှရမှာ” ဟုလည်း သူက ရှင်းပြသည်။
ဦးကိုနီ အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းတပ်ဖွဲ့၏ အကြီးအကဲ ရဲမှူးကြီး ရွှေသောင်း ထံသို့ အင်္ဂါနေ့တွင် ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပေ။
အောင်ဝင်းခိုင်ကိုသာ ရုံးတော်ရှေ့မှောက်သို့ ခေါ်ဆောင်နိုင်ပါက လုပ်ကြံသတ်ဖြတ်ရသည့် အကြောင်းရင်းကို ရှင်းရှင်း လင်းလင်းသိရမည်ဟု အမှုတွင် ဥိးကိုနီ၏ မိသားစုအတွက် လိုက်ပါဆောင်ရွက်သော ရှေ့နေ ဦးနေလက ဧရာဝတီသို့ပြောသည်။
“ အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိတယ်ဆိုတာကို ကျနော်တို့ ပိုသိနိုင်မယ်” ဟု သူက ပြောသည်။
ရဲတပ်ဖွဲ့သည် အမှုတည်ဆောက်ရာတွင် အားနည်းချက် ရှိကြောင်း ဦးနေလကပြောသော်လည်း အမှုမပြီးဆုံးသေးသောကြောင့် အသေးစိတ်ပြောရန် ငြင်းဆန်သည်။
“ကျနော်တို့ဖြစ်ချင်တာကတော့ အပြစ်ရှိသူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးဖို့ပဲ။ အပြစ်ပေးတာထက် ဘာကြောင့် ဒီလိုလုပ်ကြံမှုဖြစ်ရသလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ်” ဟု ဦးနေလ က ပြောသည်။
ဧရာဝတီ သတင်းထောက် တင်ထက်ပိုင် ပူးပေါင်းရေးသားသည်။