သတင်း

ဧရာဝတီတိုင်းတွင် ၂ ရက်အတွင်း တောဆင်ရိုင်း ၂ ကောင် သေဆုံး

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းနှင့် ငပုတောမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် တောဆင်ရိုင်း ၂ ကောင်ကို အုပ်ချုပ်ရေးတာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ ပျဉ်းမထုံး ကျေးရွာအုပ်စုရှိ ဘောမိချောင်းစပ်တွင် အသက် ၃၅ နှစ်အရွယ်ရှိ တောဆင်ရိုင်းအမ တကောင်သေဆုံးနေသည်ကို သစ်တောဌာန တာဝန်ရှိသူများက တွေ့ရှိခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ငပုတောမြို့နယ်၊ ခရင်ဝါးချောင်းအုပ်စု၊ ဆူးပိတ် ကျေးရွာ၊ ဆူးပိတ်ချောင်းဖျား၊ မြစ်တရာကြိုးဝိုင်းအတွင်း၌ အသက် ၄၀ အရွယ် တောဆင်ရိုင်းအထီး တကောင် သေဆုံးနေသည်ကို အုပ်ချုပ်ရေးတာဝန်ရှိသူများက တွေ့ရှိရသည့်အတွက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“ငပုတောမြို့နယ်၊ မြစ်တရာကြိုးဝိုင်းမှာ သေဆုံးတဲ့ဆင်က အသက် ၄၀ အရွယ် ဟိုင်းဆင်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၇ ရက်လောက် ကတည်းက သေဆုံးတယ်လို့ ယူဆရတယ်။ ဆင်ရဲ့အရေခွံကို ခွာထားတယ်။ နှာမောင်း အဖျားပိုင်း ဖြတ်ထားတာ တွေ့ရတဲ့အတွက် ဆင်မုဆိုးတွေလက်ချက်နဲ့ သေဆုံးတယ်လို့ အကြမ်းဖျင်း သတ်မှတ်လို့ရတယ်။ ဆင်ဆရာဝန်နဲ့ သေချာစွာစစ်ဆေးပြီး အမှုဖွင့်လှစ်ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။

သာပေါင်းမြို့နယ်၊ ပျဉ်းမနီးကျေးရွာအနီးဘောမိချောင်းစပ်တွင် သေဆုံးနေသည့်ဆင်အမမှာ ဝဲဘက် လည်ဂုတ်၊ ယာနားရွက်တို့တွင် လွန်ခဲ့သော ၃ လခန့်က ရရှိခဲ့သည့်ဒဏ်ရာများမှ ပိုးဝင်ကာ အင်အားချိနဲ့ပိန်ချုံးပြီး ဒီဇင်ဘာ
၁၁ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သွားရောက်စစ်ဆေးခဲ့သည့် သစ်တောဌာနမှ ဆင်ဆရာဝန်က အတည်ပြုခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးမအတွင်း သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာသည့်အတွက် တောဆင်ရိုင်းများမှာ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် ရခိုင်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင် ငပုတောနှင့် သာပေါင်းဒေသရှိ တောတောင်များ အတွင်း အုပ်စုလိုက်လှည့်လည် သွားလာ၍ လူတို့စိုက်ပျိုးထားသော စပါးခင်းများ၊ တောင်ယာသီးနှံများကို စားသောက်လေ့ရှိသည်။

ထိုသို့ အစာရှာလာသည့် တောဆင်ရိုင်းများကို ဆင်သတ်မုဆိုးများက စီးပွားရေး အကျိုးအမြတ်အတွက် အဆိပ်လူးမြှား၊ တူမီးသေနတ် များဖြင့် ပစ်ခတ်သတ်ဖြတ်၍ အစွယ်၊ အရေပြား၊ အသားနှင့် အမြှီးများကို လှီးဖြတ်ရယူကာ တောရိုင်းတိရိစ္ဆာန် ကုန်သည်များမှတဆင့် တရုတ်ပြည်နယ်စပ်သို့ တင်ပို့ရောင်းချလေ့ ရှိသည်။

ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် တောဆင်ရိုင်းများ သတ်ဖြတ်ခံရခြင်းမှ ကင်းဝေးစေရန် ရှိသည့် အင်အားဖြင့် ကြိုးစားဆောင်ရွက်နေသော်လည်း ပုသိမ်၊ ငပုတောနှင့် သာပေါင်းဒေသများရှိ သစ်တောကြိုးဝိုင်း ဧရိယာ အလွန်ကျယ်ပြန့်သည့်အတွက် ရဲအင်အား မလုံလောက်သည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

“ကျနော်တို့ တိုင်းရဲတပ်ဖွဲ့အနေနဲ့ ဆင်ချစ်သူများအဖွဲ့ရော၊ ကမ္ဘာ့တောရိုင်းတိရိစ္ဆာန် ကာကွယ်ထိန်းသိမ်းရေး အဖွဲ့- WWF နဲ့ရော ပူးပေါင်းပြီး တောဆင်ရိုင်းတွေ ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သစ်တောဧရိယာက အရမ်းကျယ်ပြန့်ပြီး ရှိတဲ့ ရဲအင်အား၊ သစ်တောရဲတပ်ဖွဲ့ အင်အားနဲ့ ဘယ်လိုမှ လွှမ်းခြုံအောင် မဆောင်ရွက်နိုင်ဘူး ဖြစ်နေတယ်။ ဒီလစ်ဟာမှုကို အခွင့်ကောင်းယူပြီး ဆင်သတ်မုဆိုးတွေက လှုပ်ရှားနေတော့ ဆင်ရိုင်းတွေ ကာကွယ်ထိန်းသိမ်းရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်တယ်”ဟု သူက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ဆင်သတ်မုဆိုးများ၏ သတ်ဖြတ်မှုကြောင့် တောဆင်ရိုင်း ၁၃ ကောင် သေဆုံးခဲ့ပြီး လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တောင်ဆင်ရိုင်း စုစုပေါင်း ၄၂ ကောင် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့ရုံး မှတ်တမ်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading