ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မန်စီမြို့နယ်တို့အတွင်း တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ ယနေ့ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်း ရရှိသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “တပ်ရင်း ၂၇ ဘက်မှာ ဒီနေ့ တိုက်ပွဲပြန် ဖြစ်တယ်။ နောက်ပြီး တပ်ရင်း ၆ဘက်မှာလည်း ၂နေရာ တိုက်ပွဲ ပြန်ဖြစ်တယ်လို့ ကြားတယ်။ အတိအကျ သတင်းတွေကတော့ မြေပြင် သတင်း မရသေးလို့ အတည်ပြု ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် KIA ၏ တပ်ရင်း ၂၇ သည် မန်စီမြို့နယ်ရှိ KIA တပ်မဟာ (၃) လက်အောက်ခံ ဖြစ်ပြီး တပ်ရင်း (၆) သည် ဖားကန့်မြို့နယ်ရှိ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်တွင် KIA ဌာနချုပ် လုံခြုံရေးနယ်မြေရှိ မုန်လိုက်ဂျယ် (Mung Lai Hkyet) ရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်ဘက်မှ လက်နက်ကြီး ၅ လုံးခန့် ပစ်ခတ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူ က ဆိုသည်။
“လိုင်ဇာ ဌာနချုပ်နားမှာ မနက် ၈ နာရီ နည်းနည်းကျော်တဲ့ အချိန်မှာ လက်နက်ကြီးတွေ ၁၂၀ မမ လို့ ယူဆရတဲ့ လက်နက် တွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်။ မုန်လိုက်ဂျယ် ဆိုတဲ့ စစ်ရှောင်စခန်းနဲ့ အနီးမှာ ကျတယ်။ ပြည်သူလူထုကလည်း နည်း နည်း တော့ လန့်တာပေါ့” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
မုန်လိုက်ဂျယ် အနီးတွင်ကျသည့် လက်နက်ကြီးသံများသည် လိုင်ဇာမြို့မှ ကြားနေရကြောင်း၊ သို့သော် KIA ဘက်မှ တုံ့ပြန် ပစ်ခတ်မှု တစုံတရာ မရှိကြောင်း၊ တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်ပြီး မြေပြင်တွင် လက်နက်ငယ် ဖြင့် ပစ်ခတ်ခြင်းမရှိသဖြင့် KIA ဘက်က ပြန်လည် မပစ်ခတ်ခြင်း ဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။
တပ်မတော်ဘက်မှ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပါ။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ယနေ့ နံနက်ပိုင်း ၁နာရီခန့်တွင် ဖားကန့်မြို့နယ် မြို့မ ရဲစခန်း အနီးရှိ အုတ်တံတိုင်းတွင် မိုင်း ၂လုံး ပေါက်ကွဲပြီး ရဲစခန်းနှင့် မီတာ ၃၀၀ ခန့်အကွာတွင်လည်း မိုင်း ၁လုံး ပေါက်သည်ဟုသာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန် ထားသည်။
ဖားကန့်မြို့နယ်အတွင်းရှိ မော်ရှန်ကျေးရွာ အနီး ဒီဇင်ဘာလ ၉ ရက်တွင် KIA ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ဒေသခံ တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၀ ရက်တွင်လည်း ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် KIA ထောင်ထားသည့် မိုင်း ကြောင့် ဒေသခံတဦး ဒဏ်ရာ ရရှိထားသည်ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထား သည်။
တပ်မတော် သတင်း ထုတ်ပြန်ချက်များတွင် KIA ကို အကြမ်းဖက် သောင်းကျန်းသူများဟု ရေးသား ထားသည်။
ဒီဇင်ဘာလ ၁၄ ရက် နံနက် ၂နာရီဝန်းကျင်ကလည်း KIA ဌာနချုပ် လုံခြုံရေးနယ်မြေ အတွင်း ပါရှိသည့် မုန်လိုက်ဂျယ် ( Mung Lai Hkyet)၊ မန်စီမြို့နယ်ရှိ KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) နှင့် တပ်ရင်း (၁၅)၊ တနိုင်းမြို့နယ်ရှိ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၁၄) တို့တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လက်နက်ကြီး ဖြင့် ပစ်ခတ်သည်ဟု KIA က ဧရာဝတီကို ပြောဆိုထား သည်။
KIA သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဦးဆောင် ဖွဲ့စည်ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် မဟာမိတ်အဖွဲ့ဝင် အဖြစ်ပါဝင်ပြီး အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်သစ်တခု ချုပ်ဆိုပြီး နိုင်ငံရေးဆွေးနွေးရန် တောင်းဆိုထားသည်။