သတင်း

အိန္ဒိယမှ ဝယ်ယူသော ရထား စက်ခေါင်းသစ်များ ဇန်နဝါရီလအတွင်း ထပ်မံ ရောက်ရှိမည်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် ရထား စက်ခေါင်း အသစ် ၆ ခေါင်း လာမည့် ဇန်နဝါရီလအတွင်း ရောက်ရှိလာမည်ဟု မြန်မာ့မီးရထား လုပ်ငန်းက ပြောသည်။

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက အိန္ဒိယနိုင်ငံမှ ရထား စက်ခေါင်းအသစ် ၁၈ ခေါင်း ဝယ်ယူခဲ့ရာ မြန်မာ နိုင်ငံသို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်းက ၆ ခေါင်း၊ ဒုတိယ အသုတ်အနေဖြင့် နိုဝင်ဘာလ အတွင်းက ၆ ခေါင်း ရောက်ရှိခဲ့ပြီး ကျန်သည့် စက်ခေါင်း ၆ ခေါင်းသည် လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်း၌ ရောက်လာမည်ဟု ဆိုသည်။

မြန်မာ့မီးရထား လုပ်ငန်း စက်မှုနှင့် လျှပ်စစ်ဌာနမှ အထွေထွေမန်နေဂျာ ဦးဝင်းဦးက “အိန္ဒိယက ဝယ်ထားတဲ့ ကျန်တဲ့ စက်ခေါင်း အသစ် ၆ ခေါင်း ဇန်နဝါရီလ အတွင်းမှာ ဝင်ဖို့ ရှိပါတယ်” ဟု ပြောသည်။

အဆိုပါ စက်ခေါင်း အသစ် ၁၈ ခေါင်းသည် ဒီဇယ်စက်ခေါင်း အမျိုးအစားများ ဖြစ်ကြောင်း ဝင်ရောက်ပြီး ဖြစ်သည့် စက်ခေါင်းများသည် မန္တလေး-မြစ်ကြီးနား လမ်းတွင် ပြေးဆွဲလျက်ရှိကြောင်းလည်း ၎င်းက ပြောပြသည်။

အသစ်ရောက်ရှိလာမည့် ရထားစက်ခေါင်း အသစ်များသည် ရန်ကုန်-မန္တလေး လမ်းအတိုင်း စမ်းသပ် ပြေးဆွဲသွားမည် ဖြစ်ပြီး လူစီးရထားနှင့် ကုန်တင်ရထား အတွဲများတွင် မျှ၍ အသုံးပြုသွားမည် ဟု သိရသည်။

အဆိုပါ ရထား စက်ခေါင်း အသစ်များအား အိန္ဒိယနိုင်ငံ Rite ကုမ္ပဏီမှ ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး စက်ခေါင်း အသစ် ၁ ခေါင်း ၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း တန်ဖိုးရှိကြောင်း၊ RBE လူစီးတွဲများကိုမူ ဂျပန်နိုင်ငံမှ အများဆုံး ဝယ်ယူခြင်းဖြစ်ကြောင်း မြန်မာ့ မီးရထား လုပ်ငန်းက ပြောသည်။

မြန်မာနိုင်ငံ အတွင်း စက်ခေါင်း အရေအတွက်ပေါင်း ၄၀၀ ခန့် ရှိပြီး အိန္ဒိယ စက်ခေါင်းအမျိုးအစား ၆၁ ခေါင်း ရှိကြောင်း၊ လက်ရှိတွင် စက်ခေါင်းအသစ် ၁၇ ခေါင်းသာ ရှိပြီး ကျန်သည့် စက်ခေါင်းများသည် ဝယ်ယူစဉ်ကတည်းက အသုံးပြုပြီး သား စက်ခေါင်းများ ဖြစ်သည့်အတွက် သက်တမ်းလွန်များ ဖြစ်သည်ဟုလည်း ဆိုသည်။

မြန်မာ့မီးရထား အနေဖြင့် ရထားပိုင်းဆိုင်ရာ ပစ္စည်း အများဆုံးမှာယူသည့် နိုင်ငံများမှာ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ နိုင်ငံတို့ဖြစ်ပြီး ထိုသို့မှာယူရာတွင် မြန်မာနိုင်ငံ လမ်း အနေအထား နှင့် ကိုက်ညီမှုရှိရန် မှာယူရသည်ဟု မြန်မာ့ မီးရထား လုပ်ငန်းမှ သိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading