သတင်း

ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးသည့် ကလေးငယ်တချို့ ဆေးရုံတင်ထားရ

Want create site? Find Free WordPress Themes and plugins.

ကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် တနိုင်ငံလုံးတွင် စီမံချက်ဖြင့် ဆောင်ရွက်ပေး နေသည့် ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပြီးနောက် အဖျားတက်ခြင်း၊ မူးဝေခြင်း များ ဖြစ်ပွားသည့် ကလေးငယ်တချို့ကို နေပြည်တော်ရှိ ကလေး အထူးကု ရောဂါ ဆေးရုံကြီးတွင် ကုသနေရကြောင်း သတင်းရရှိသည်။

ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပြီး နောက် ကျန်းမာရေးဆိုင်ရာ ပြဿနာတချို့ ရှိ၍ လာရောက်ပြသသူ ကလေးငယ်များ ရှိသော်လည်း ၂ ဦးကိုသာ ဆေးရုံက လက်ခံ၍ ကုသပေးနေကြောင်း၊ အများစုမှာ မည်သည့် ရောဂါမှ မဖြစ်ဘဲ စိုးရိမ်စိတ်ဖြင့် လာရောက် ပြသခြင်းမျိုး ဖြစ်ကြောင်း နေပြည်တော် ကလေး အထူးကု ရောဂါ ဆေးရုံအုပ် ဒေါက်တာ မီမီသန်းက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မီမီသန်းက “စိုးရိမ်စိတ်ကြောင့် သတိလစ်သွားတာလည်း ရှိတတ်တယ်။ အခုမှ လက်ခံပြီး ကုသပေးနေတာ ၂ ယောက်ပဲ ရှိသေးတာ။ ဟိုတခေါက် ကျောင်းတွေမှာ လိုက်ထိုးတုန်း ကလည်း အဲဒီလိုပဲ စိုးရိမ်စိတ် ကြောင့် ကိုယ်ခံအား နည်းနေပြီးတော့ သတိ လစ်သွားတာမျိုးက ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အခုတခေါက်က ၂ ယောက်ပေါ့” ဟု ရှင်းပြသည်။

ဦးနှောက်အမြှေးရောင် အတက်ရောဂါများ သည် ယခုအချိန်တွင် အဖြစ်များဆုံး ဖြစ်ပြီး ဆေးရုံသို့ လာပြတိုင်း ဦးနှောက်ရောင် ကာ ကွယ်ဆေးထိုးထား၍ မဟုတ်ကြောင်း၊ ဆေးထိုးပြီး ကြောက်၍ အော်ရာမှ သတိလစ် သွားခြင်း၊ ဆေးထိုးသည့်အခါ လူဦးရေ များဘသဖြင့် အသက်ရှု မဝဘဲ သတိမေ့ခြင်း၊ သတိလစ်ခြင်းတို့ဖြင့်လည်း ဆေးရုံကို ရောက်ရှိလာကြကြောင်း ၎င်းက ရှင်းပြသည်။

“ရောက်လာတဲ့အချိန်မှာ ကုသပေးရတာ ဖြစ်တဲ့အတွက် ကလေးရဲ့ နဂိုအခြေအနေတွေ ဘာတွေလည်း တပ်အပ်မသိဘူး။ နောက်မှ လိုက်ပြီး အချက်အလက်တွေ စုဆောင်း ရတာပေါ့။ လိုအပ်တဲ့ဟာဆိုရင် နေပြည်တော် ကောင်စီကို ရီပို့တင်ရပါတယ်”ဟု ယင်းဆေးရုံက ပြောသည်။

ပျဉ်းမနားမြို့နယ် ဖလောင်းကျေးရွာမှ ဦးသိန်းဝင်းလေးကမူ ၎င်း၏ အသက် ၁၄ နှစ်အရွယ် ကလေးမှာ ကာကွယ်ဆေးထိုးရင်း မူး သည်ဟု ပြောကြောင်း၊ သို့သော် ညနေပိုင်း တွင် ပြန်ကောင်းသွားပြီးမှ နောက်တရက်တွင် ပြန်မူးခြင်း၊ အန်ချင်ပျို့ချင်သလို ဖြစ်နေသဖြင့် ကျောင်းမှ ပြန်ခေါ်ကာ ယခု ဆေးရုံသို့ လာရောက်ပြသခြင်း ဖြစ်ကြောင်း ပြောပြ သည်။
“ဆေးတလုံးထိုး၊ ပုလင်းကြီးတလုံး ချိတ်လိုက် ရတာပေါ့။ အခုကတော့ ကျန်းမာရေးက ကောင်းသွားပါပြီ။ ကလေးက သက်သာသွား ပေမယ့် မနက်ဖြန်တရက်တော့ စောင့်ပါဦးတဲ့။ လမ်းသွားလမ်းလာ မူးမှာကြောက်လို့ ဆိုလို့ နေဦးလို့ ပြောတယ်”ဟု ဦးသိန်းဝင်းလေးက ပြောသည်။

အစိုးရ ဝန်ထမ်း ဖြစ်ပြီး နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ဝဏ္ဍသိဒ္ဓိရပ်ကွက်တွင် နေထိုင်သူ ဦးစိုးလွင်မိုးက “အခု ဆေးရုံလာပြတော့ ကားပေါ်မှာ လေတိုးလို့လား မသိဘူး အဖျားက ၁၀၃ လောက်အထိ ဖြစ်သွားတာ။ အဲဒါကြောင့် ဆရာဝန်တွေက ဆေးရုံမှာပဲ နေပါလို့ ပြောလို့ ဆေးရုံလာတက်ဖို့ အစီအစဉ် မရှိဘူး။ ဖြစ်တာကတော့ ကာကွယ်ဆေး ထိုးပြီးမှ ဖြစ်တာ။ ကလေးက အခုတော့ သက်သာပါတယ်”ဟု ပြောသည်။

၎င်း၏ ကလေးမှာ နဂိုကလည်း အဖျားကြီး တတ်ကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေး ထိုးကာနီးတွင် ယခု အခြေအနေကို ရှင်းပြ သော်လည်း ဆရာမများက ပြဿနာ မရှိနိုင်၍ ထိုးပါဟု ဆိုသဖြင့် ထိုးနှံခြင်း ဖြစ်ကြောင်း၊ ဆေးထိုးပြီး နောက်ပိုင်းတွင် ကိုယ်အပူချိန်က ပြန်တက်လာကြောင်း ရှင်းပြသည်။

ကျန်းမာရေး ဝန်ကြီးဌာနကမူ ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံမှုအပြီး ကလေးငယ်တချို့ သေဆုံးရခြင်းမှာ ကာကွယ် ဆေးနှင့် လုံးဝ သက်ဆိုင်မှု မရှိဘဲ အခြား ရောဂါများကြောင့် ဖြစ်၍ ယခု အစိုးရ၏ ကာကွယ်ဆေး ထိုးနှံပေးမှု အစီအစဉ်ကို အပြည့်အဝ တာဝန်ယူကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။

သို့သော် မီဒီယာများက ဖော်ပြရာတွင် လည်း ကောင်း၊ သတင်းစကားများကို အချင်းချင်း ကြားတွင် ဖြန့်ဝေရာတွင် လည်းကောင်း ကာကွယ်ဆေးကြောင့် ကလေးများ သေဆုံး နေရသည့် ပုံစံဖြစ်နေ၍ မိဘများမှာ အကြောက်တရားများ ရကုန်ကာ ကာကွယ်ဆေး မထိုးရဲခြင်းများ ရှိနေကြောင်း သိရသည်။

ယခုကိစ္စသည် ဝန်ကြီးဌာန တခုတည်း၊ အစိုးရ တခုတည်း သာမက နိုင်ငံတကာနှင့် နှိုင်းယှဉ်၍ ဆောင်ရွက်ရသည့် ကိစ္စဖြစ်၍ ထင်မြင်ရာများ ကို ပြောနေ၍ မရကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေး စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောဆိုခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading